ရုရှားကုမ္ပဏီနဲ့ သင်္ဘောတွေ ကန် ပိတ်ဆို့အရေးယူ


 ကုလသမဂ္ဂက တားမြစ်ချက်တွေကို ချိုးဖောက်ပြီး သန့်စင်ပြီးသားရေနံထွက်ကုန်တွေကို မြောက်ကိုရီးယား သင်္ဘောတွေပေါ် လွှဲပြောင်းပေးမှုမှာ ပါဝင်ပတ်သက်တဲ့ ရုရှားသဘောင်္ကုမ္ပဏီ နှစ်ခုနဲ့ သင်္ဘောခြောက်စင်းကို အရေးယူဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က ကြေညာပါတယ်။

မြောက်ကိုရီးယားပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားအလံတင်ထားတဲ့ သင်္ဘောတွေပေါ် ရုရှားက သင်္ဘောကနေ လွှဲပြောင်းတာ ဒါမှမဟုတ် မြောက်ကိုရီးယားကဖြစ်ဖြစ် မြောက်ကိုရီးယားကိုဖြစ်ဖြစ် ကုန်စည်ဖြန့်ဖြူးတာ၊ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းတာကို တားမြစ်ထားတဲ့အကြောင်း၊ ဒါကို အမေရိကန်ဥပဒေအရ အရေးယူ ဒဏ်ခတ်တဲ့အကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားအစီစဉ် လုံးဥဿုံဖျက်သိမ်းပြီးသွားပြီလို့ အတည်ပြုနိုင်တဲ့အချိန်ထိ ဒဏ်ခတ်ထားမယ်လို့ပြောပါတယ်။
အမေရိကန်က အရေးယူထားတာကိုချိုးဖောက်ပြီး မြောက်ကိုရီးယား သင်္ဘောတွေကို အထောက်အကူပေးတဲ့အပြင် ပြုံယမ်းကို အရက်နဲ့ ဆေးလိပ်ရောင်းချတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ရုရှာ ဆိပ်ကမ်းဝန်ဆောင်လုပ်ငန်းတခုကို အမေရိကန်က အရေးယူပြီးရက်ပိုင်းမှာ ခုလို ဒဏ်ခတ်တာပါ။
ဒါကို အခြေအမြစ်လည်းမရှိ၊ သက်သေအထောက်အထားလည်းမရှိဘဲ စွပ်စွဲတယ်လို့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်ကပြောပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ နျူကလီးယား အစီစဉ်တွေ ရပ်ဆိုင်းလိုက်တယ်လို့ အရိပ်အမြွက်တစ်စုံတရာ ပြသတာမတွေ့ရှိရဘူးလို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အဖွဲ့က ပြောပါတယ်။ သူ့နျူကလီးယားအစီစဉ်ကို စွန့်လွှတ်လိုစိတ်နဲ့ ပတ်သက်လို့ သံသယရှိတယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားအစီစဉ် ဆက်လက်လုပ်ဆောင်နိုင်ပြီး ဒီကိစ္စနဲ့ဆိုင်တဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ စိုးရိမ်ရတယ်လို့လည်း IAEA ကပြောပါတယ်။

Photo: AP
RFA Burmese
https://www.facebook.com/rfaburmese

ရုရှားကုမ္ပဏီနဲ့ သင်္ဘောတွေ ကန် ပိတ်ဆို့အရေးယူ ရုရှားကုမ္ပဏီနဲ့ သင်္ဘောတွေ ကန် ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 12:31 Rating: 5
Powered by Blogger.