သမ္မတအားလုပ်ကြံရန် ကြိုးပမ်းသည့် သံသယရှိသူ ၉ ဦးကို ဗင်နီဇွဲလားနိုင်ငံက ရှာဖွေဖော်ထုတ်

ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro အား တွေ့ ရစဉ် (ဆင်ဟွာ)
ကာရာကပ်စ် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

 မကြာသေးမီက မအောင်မမြင်ဖြစ်ခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro အား လုပ်ကြံရန်ကြိုးပမ်းသည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခဲ့ရသူ ၉ ဦးကို ရှာဖွေဖော်ထုတ်လျက်ရှိ ကြောင်း အစိုးရထိပ်တန်းအရာရှိ တစ်ဦးက  သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူများသည် ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကြပြီး လက်ရှိတွင် အမေရိကန် ၊ ကိုလံဘီယာ နှင့် ပီရူး စသည့်နိုင်ငံများတွင် နေထိုင်နေကြသူများဖြစ်ကြောင်း အစိုးရရှေ့ နေချုပ် Tarek William Saab က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ အဲဒီနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဟာ နယ်နိမိတ် မရှိပါဘူး ” ဟု ၄င်း ကဆိုသည်။

သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့သော သမ္မတအားလုပ်ကြံရန်ကြိုးပမ်းသည့် အကြမ်းဖက်မှုဖြစ်စဉ် နှင့်ဆက်စပ်သူ ၄၃ ဦးထိရှိကြောင်း ၊ ၄င်းတို့ အနက် ၂၁ ဦးကို ဖမ်းဆီးအရေး တရားစွဲဆိုထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ငွေကြေးထောက်ပံ့သူများ နှင့် ပစ္စည်းသယ်ယူပို့ ဆောင်ပေးသူများ နှစ်ခုစလုံးသည် တိုက်ခိုက်မှုဖြစ်စဉ်တွင် တာဝန်ရှိသူများဖြစ်ကြောင်း Saab က ဆိုသည်။

ကာရာကပ်စ်မြို့ ၌ ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားတစ်ခုတွင် သမ္မတမိန့် ခွန်း ပြောကြားနေစဉ် လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သမ္မတမိန့် ခွန်းပြောကြားရာ နေရာသို့ အဝေးထိန်းစနစ်ဖြင့် ဒရုန်း(မောင်းသူမဲ့လေယာဉ်ငယ်) နှစ်စင်းသည် ချဉ်းကပ် ပျံသန်းလာပြီးနောက် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း သမ္မတ Maduro သည် လွတ်မြောက်ခဲ့ပြီး စစ်သားအချို့ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
သမ္မတအားလုပ်ကြံရန် ကြိုးပမ်းသည့် သံသယရှိသူ ၉ ဦးကို ဗင်နီဇွဲလားနိုင်ငံက ရှာဖွေဖော်ထုတ် သမ္မတအားလုပ်ကြံရန် ကြိုးပမ်းသည့် သံသယရှိသူ ၉ ဦးကို ဗင်နီဇွဲလားနိုင်ငံက ရှာဖွေဖော်ထုတ် Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.