ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်ပြန်လာရေးဟာ မလွယ်တဲ့ကိစ္စဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခု
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်တွေထဲက ဒုက္ခသည်ပြန်လည်လာရေးလုပ်ကိုင်ရာမှာ မလွယ်ကူ တဲ့ကိစ္စဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဆောင်တဲ့ အကောင်အထည်ဖေါ်ရေးအဖွဲ့ က ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြုံပေးကော်မရှင်အဖွဲ့ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့တာတွေရှိသလို မအောင်မြင်တာတွေလည်းရှိခဲ့တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့ကထုတ်ပြန်တဲ့ အကောင်အထည်ဖော်ရေးကော်မတီရဲ့နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းနဲ့ စံပြလုပ်ငန်း တချို့ကိုလုပ်ဆောင်နိုင်ခဲ့ပေမယ့် မျှော်လင့်ထားသလို မလုပ်ဆောင်နိုင်ခဲ့တာတွေ လည်းရှိတယ်လို့ အကောင်အထည်ဖေါ်ရေးကော်မတီအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်ညို က ပြောပါတယ်။

ဒုက္ခသည်ပြန်ပို့တဲ့ကိစ္စကတော့ လုပ်လို့မလွယ်တဲ့ကိစ္စလေ။ ဒါက ဟိုဘက်နဲ့ ဒီဘက်နှစ်နိုင်ငံနဲ့ ဆိုင်တဲ့ကိစ္စလည်းဖြစ်တယ်။ ဒါကို ကျွန်မတို့က ဒီလောက်အတောအတွင်းမှာ အကောင်အထည် ဖေါ်ဖို့ဆိုတာ တကယ်မလွယ်နိုင်တဲ့ကိစ္စပါ။ ဒါက တဖြည်းဖြည်းအချိန်ယူဆောင်ရွက်မယ့်ကိစ္စ ဖြစ်တယ်။ ဒုက္ခသည်တွေပြန်ဝင်လာအောင် ကျွန်မတို့မလုပ်ဆောင်နိုင်ခဲ့ဘူး လို့ ဒေါ်တာခင်ညို က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ဆူရာကီယတ် ဆတ်သီယာထိုင်းဦးဆောင်တဲ့ အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့တဲ့ပြီး ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့အကြံပြုချက်တွေကို ၉ လနီးပါးဆောင်ရွက်ခဲ့ပါတယ်။

အောင်မြင်တဲ့လုပ်ဆောင်ချက်တွေထဲမှာတော့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးအဖွဲ့အစည်းနှစ်ခုနဲ့ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာ ထိုးဖို့တိုက်တွန်းချက် အပါအဝင် အခု ဖီလစ်ပိုင် သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဖွဲ့စည်းဖို့ တိုက်တိုက်ချက်တွေလည်း ပါတယ်လို့ ဒေါ်တာခင်ညိုက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေတွေ့ရစဉ်
အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ရဲ့ တာဝန်ပြီးဆုံးသွားပေမယ့် ကော်မတီအဖွဲ့တွေဝင်တချို့ က လုပ်ငန်းစဉ်တချို့ကို ဆက်ပြီးလုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။

သူတို့လုပ်ဆောင်မယ့်အစီအစဉ်တွေက ရခိုင်ပြည်နယ်က လူမျိုးစုတွေအချင်းချင်းကြားမှာ အဆင်ပြေအောင် ရင်းနှီးမှုထူထောင်နိုင်ဖို့ အဆင့်လိုက် အဖွဲ့အစည်းနှစ်ခုအကြား စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းတိုင်ပင်တာတွေဆက်လုပ်မယ်လို့ ဒေါ်တာခင်ညို က ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးကို လုပ်ကိုင်ဆောင်ရွက်ရာမှာ မြန်မာအစိုးရက အဖွဲ့အစည်းတွေအများကြီးဖွဲ့ ခဲ့ပေမယ့် မျှော်မှန်းထားသလောက် မအောင်မြင်ဘူးလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

တာဝန်ပြီးဆုံးတော့မယ့်အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ရဲ့ အကြုံပြုချက်တွေကိုတော့ အခုအသစ်ဖွဲ့လိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ဆက်လက်တာဝန်ယူဆောင်ရွက်သွား မယ်လို့ ဒေါ်တာခင်ညို က ပြောပါတယ်ခင်ဗျား။

BBC Burmese
https://www.bbc.com/burmese
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်ပြန်လာရေးဟာ မလွယ်တဲ့ကိစ္စဟုဆို ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်ပြန်လာရေးဟာ မလွယ်တဲ့ကိစ္စဟုဆို Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.