အီတလီ တံတားကျိုးကျမှု သေဆုံးသူတိုးလာ၊ ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ

ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ
အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ဂျီနိုအာမြို့မှာ အဓိက အမြန်လမ်းပေါ်ချိတ်ဆက်ထားတဲ့ ကြိုးတံတား ကျိုးကျခဲ့လို့ သေဆုံးသူ ၂၆ ဦး ရဲ့ အလောင်းကို ရှာဖွေထားနိုင်ပြီး နောက်ထပ် ၁၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကျိုးကျစဉ် တံတားပေါ်မှာ ကား အစင်း ၃၀ ကျော်လောက် မောင်းနှင်နေတာဖြစ်ပြီး အဲဒီထဲက ကားဒါဇင်နဲ့ ချီပြီးတော့လည်း တံတားပေါ်က ထိုးကျခဲ့ရပါတယ်။

ကြိုးတံတားအောက်က ရထားလမ်းပေါ် နဲ့ လူနေအိမ်တွေပေါ် တံတား အပိုင်းအစတွေ ပြုတ်ကျခဲ့တဲ့ အပြင်၊ အနီးအနား က လမ်းသွားလမ်းလာ နဲ့ ကားတွေပေါ်ကိုလည်း အပျက်အစီး အပိုင်းအစတွေ ကျခဲ့တာကြောင့် သေဆုံး ထိခိုက်မှုတွေ ပိုများရတာလည်း ဖြစ်ပါတယ်။

ကျိုးကျပျက်စီးခဲ့တဲ့ တံတားရဲ့ အပျက်အစီးပုံတွေအောက်မှာ ပိမိသေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေကို ညလုံးပေါက် ရှာဖွေ ကယ်ဆယ်မှုတွေကို အနံ့ခံခွေးတွေ သုံးပြီး မီးသတ်သမားတွေ နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေခဲ့ရပါတယ်။

လောလောဆယ်မှာတော့ လူရာနဲ့ချီ ကယ်ဆယ်ထားနိုင်တယ်ဆိုပေမယ့် မကျိုးပဲ ကျန်နေသေးတဲ့ တံတားပိုင်း ဆက်ပြီးကျိုးမှာကို စိုးရိမ်နေကြတာပါ။
ကျန်နေသေးတဲ့ တံတားပိုင်း ဆက်ပြီးကျိုးမှာကို စိုးရိမ်နေကြ
ဒီတံတားဟာ မြစ်ကူးတံတားဆိုပေမယ့် လူနေအိမ်ခြေတွေ လူသွားလမ်းပေါ် ဖြတ်သန်း ဆောက်လုပ်ထားတာမို့ ဒေသခံတွေကတော့ မကျိုးပဲ ကျန်နေသေးတဲ့ တံတားပိုင်းက ဆက်ပြီးကျိုးလာမှာကို စိုးရိမ်နေကြပါတယ်။

အာဏာပိုင်တွေကတော့ တံတားကျိုးရတဲ့ အကြောင်းရင်းကို တိတိပပ မပြောသေးပါဘူး။

ပြည်ထဲရေးဝန်ကြီး မာတီယိုဆဲလ်ဗာနီကတော့ ဒီအပေါ် တာဝန်ရှိသူကို တာဝန်ခံခိုင်းမယ်လို့ ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများ
ကျိုးကျခဲ့တဲ့ မိုရန်ဒီတံတားဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်တာကြောင့် တံတားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ် ပြောဆိုမှုတွေ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese
အီတလီ တံတားကျိုးကျမှု သေဆုံးသူတိုးလာ၊ ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ အီတလီ တံတားကျိုးကျမှု သေဆုံးသူတိုးလာ၊ ညလုံးပေါက် ရှာဖွေကယ်ဆယ်ခဲ့ရ Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.