ဆိုင်ကယ်ခိုးယူသူများ ခိုအောင်းနေကြောင်း သတင်းအရ ဝင်ရောက်စုံစမ်းမေးမြန်းသည့် နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဓားဖြင့်အခုတ်ခံရမှု သြဂုတ်လ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၂နာရီကျော်အချိန်ခန့်က မတ္တရာမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် အောင်အောင်သည် ဆိုင်ကယ်ခိုးယူသူများ ခိုအောင်းနေကြောင်း သတင်းအရ သက်သေများနှင့်အတူ မတ္တရာမြို့၊ အမှတ်(၅) ဘုရင့်နောင်တောင်ရပ်ကွက်ရှိ ထက်ကြီး၏ နေအိမ်အား ဝင်ရောက်စုံစမ်းစဉ် ထက်ကြီး ဆိုသူနှင့် ၎င်း၏ ဖခင် ဦးထွန်း၊ ဆွေမျိုးတော်စပ်သူ အထစ်တို့မှ ရဲတပ်ကြပ် အောင်အောင်ကို ဓါးဖြင့်ခုတ်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
ယင်းသို့ ဓါးဖြင့်အခုတ်ခံရမှုကြောင့် ရဲတပ်ကြပ် အောင်အောင်တွင် ဦးခေါင်း၊ ဝဲလက်ဖျံ၊ ယာလက်ဖဝါးနှင့် ယာလက်ချောင်းများ၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ မတ္တရာဆေးရုံမှတဆင့် ၎င်းနေ့ မွန်းလွဲ ၁နာရီခွဲ အချိန်ခန့်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်း၍ ဆေးဝါးကုသမှုများ ဆက်လက်ခံယူလျက်ရှိသည်။
ဓားဖြင့်ခုတ်ခဲ့သည့်သူများကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးရမိထားပြီး လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်ကာ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal