သြစတြေးလျမှာ မွတ်ဆလင်တွေ မိုးခေါ် ဆုတောင်း

လက်ဘနွန် မွတ်ဆလင် အသင်းက ကြီးမှူးပြီး မိုးခေါ် ဆုတောင်းပွဲ ကျင်းပ
သြစတြေးလျနိုင်ငံမှာ အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုကြီး အဆုံးသတ်သွားဖို့ သြစတြေးလျ နိုင်ငံသား မွတ်ဆလင် သုံးသောင်းလောက် ဆစ်ဒနီမြို့မှာ ဆုတောင်းခဲ့ကြပါတယ်။

မိုးခေါင်ရေရှားမှု ဒဏ်ကို ခံရသူတွေ၊ လယ်သမားတွေနဲ့ ထပ်တူ တစည်းတလုံးတည်း ရှိတယ် ဆိုတာကို ပြတဲ့အနေနဲ့ ဗလီ ၁၆ ခုက ဝတ်ပြုသူတွေ အိဒ်ပွဲတော်မှာ စုဝေးပြီး ဆုတောင်းခဲ့ကြတာပါ။

ဒီဆုတောင်းပွဲကို ဆစ်ဒနီမြို့ အနောက်ပိုင်းက လခမ်ဘာ ဗလီမှာ LMA လက်ဘနွန်လူမျိုး မွတ်ဆလင် အဖွဲ့က ကြီးမှူး ကျင်းပခဲ့တာပါ။

မိုးခေါင်ရေရှားတဲ့ ကာလတွေတိုင်းမှာ အခုလို မိုးခေါ်တဲ့ ဆုတောင်းမှုတွေ လုပ်လေ့ ရှိတယ်လို့ LMA အဖွဲ့ ညွှန်ကြားရေးမှူး အာမက် မလက်စ် က ဘီဘီစီကို ပြောပါတယ်။

မိုးခေါင်ရေရှားမှုဒဏ် ခံရသူ လယ်သမားတွေအတွက် ရံပုံငွေ ရှာပွဲ တခုလည်း ကျင်းပပေးဖို့ ရှိပါတယ်။
 ပြည်နယ် အတော်များများမှာ ကျွဲနွားတိရစ္ဆာန်တွေကို အစာကျွေးဖို့ လယ်သမားတွေ အခက်တွေ့
သြစတြေးလျနိုင်ငံက နေရာတချို့မှာ မိုးခေါင်ရေရှားမှု ဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး လူဦးရေ အထူထပ်ဆုံး ဖြစ်တဲ့ နယူး ဆောက်ဝေး ပြည်နယ် တခုလုံးမှာတော့ မိုးခေါင်ရေရှားမှု အရေးပေါ် ကြေညာထားပါတယ်။

အနီးက ကွင်းစလန် ပြည်နယ် တဝက်ကျော်မှာလည်း မိုးခေါင်ရေရှားမှု ဒဏ် ခံနေရပြီး ဝိတိုရိယနဲ့ တောင် သြစတြေးလျ ပြည်နယ်တွေမှာလည်း ခြောက်သွေ့တဲ့ ဒဏ်နဲ့ ကြုံနေရပါတယ်။

ရေရှားပါးမှုကြောင့် စိုက်ခင်းတွေ မြက်ခင်းတွေ ပျက်စီးကုန်ပြီး လယ်သမားတွေအနေနဲ့ ကျွဲနွား တိရစ္ဆာန်တွေကို အစာ မကျွေးနိုင် ဖြစ်နေရပါတယ်။

သြစတြေးလျနိုင်ငံဟာ မိုးခေါင်ရေရှားတဲ့ နေရာ ဖြစ်လာပြီလို့ ဝန်ကြီးချုပ် မယ်လကွမ် တန်ဘူးလ် က သတိပေးထားပါတယ်။

BBC Burmese
https://www.bbc.com
သြစတြေးလျမှာ မွတ်ဆလင်တွေ မိုးခေါ် ဆုတောင်း သြစတြေးလျမှာ မွတ်ဆလင်တွေ မိုးခေါ် ဆုတောင်း Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.