ဘုရားသုံးဆူမြို့တွင်၊ စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


ဘုရားသုံးဆူ သြဂုတ်၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဥဒေါင်းကန်(၉)လမ်းရှိကျော်လင်းထွန်း(ခ) အငယ်ကောင်၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်ရရှိသဖြင့် သြဂုတ်၂၁ ညနေ (၃း၃၀) ခန့်တွင် နယ်မြေခံတပ်၊ ဘုရားသုံးဆူနယ်မြေရဲစခန်း ရဲအုပ်အောင်မြတ်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သွားရောက်ရှာဖွေရာ အိမ်အနောက်ဘက်မီးဖိုခန်းအတွင်းစွန့်ပစ်ထားသော အမှိုက်များအောက်တွင် ပလက်စတစ်အိတ်အကြည်ဖြင့် ထုပ်ပိုးထားသော မူးယစ်ဆေးဝါး (ICE)ဟုယူဆရသည့် အဖြူရောင်အစိုင်အခဲအကြေမှုန့်(၄)ထုပ်၊ စုစုပေါင်းအလေးချိန်(၃၂၇.၅၂)ဂရမ်၊ ကာလတန်ဖိုး(၁)ဂရမ်လျှင်(၈၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း(၂၆၂)သိန်းကျော်ဖမ်းဆီးရမိခဲ့ပါသည်။


ထို့နောက် ကျော်လင်းထွန်း(ခ)အငယ်ကောင်နှင့် ဇနီးမစန္ဒီထွန်းတို့အား စစ်ဆေးမေးမြန်းရာ ၎င်းမူးယစ်ဆေးများ ကိုဝင်အေး(ခ)အာဒစ်ဆိုသူမှ ပို့ဆောင်သဖြင့် တစ်ဆင့်ပြန်လည်ရောင်းချခဲ့ကြောင်းသိရှိရသည်။ သို့ဖြစ်၍နယ်မြေခံတပ်နှင့် ပူးပေါင်းအဖွဲ့သည် လိုက်လံစုံစမ်းရှာဖွေရာည ၁၁း၀၀ နာရီ အချိန်တွင်(အ.ထ.က)ကျောင်းသီရိရတနာလမ်းမပေါ်၌ အဖြူရောင်(ISUZU)အမျိုးအစားမော်တော်ယာဉ်ပေါ်တွင် ဝင်းအေး(ခ)အာဒစ်အားတွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်၌ ယာဉ်မောင်းစောထူးကိုနှင့် အချွန်းလ်(ထိုင်းနိုင်ငံသား)တို့(၂)ဦးနှင့်အတူ တွေ့ရှိရပြီး စိတ်ကြွဆေးပြား စုစုပေါင်း(၂၀၀)ပြားပါ(၂၆)ထုပ်၊ စုစုပေါင်းဆေးပြား (၅၂၀၀)ပြား၊ စာယာတိုင်အောက်ဘက်အံခွက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၅၀)ပြား၊ ဝင်းအေး(ခ)အာဒစ်၏ကျောပိုးအိပ်အတွင်းမှ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ မူးယစ်ဆေး(ICE)ဟုယူဆရသည့် အဖြူရောင်(၁) ကီလိုဂရမ်(၁၀၀၀)ဂရမ်အစိုင်အခဲတစ်တုံး၊ ရှူးဖိနပ်အတွင်းမှဆေးပြား ၂ ပြား၊စုစုပေါင်း(၅၂၅၂)ပြား၊တန်ဖိုးကျပ်(၁၅၇)သိန်းကျော်နှင့် အဖြူရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ICE ဟုယူဆရသည့် အဖြူရောင်အစိုင်အခဲအကြေမှုန့် ၃ ဂရမ်ခန့်ပါ ၁ ထုပ်၊စုစုပေါင်း (၁၀၀၃)ဂရမ်၊ကာလတန်ဖိုးကျပ်သိန်း(၈၀၂)သိန်းကျော်၊ မူးယစ်ရောင်းချငွေဟုယူဆရသောမြန်မာငွေရောရာ(၁၁၉၁၀၀)ကျပ်၊ထိုင်းငွေရောရာ(၂၅၀၀)ဘတ်၊စုစုပေါင်းတန်ဖိုးကျပ်သိန်းပေါင်း(၁၂၂၃)သိန်းကျော်ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးသယ်ဆောင်ရာတွင်အသုံးပြုသည့်(ISUZU)မော်တော်ယာဉ်(၁)စီး၊ယာဉ်မောင်းစောထူးကို၏ခါး၌ (BERETTA made in Italy)စာတမ်းပါအနက်ရောင်(၉)မမ ပစ္စတို (၁)လက်၊ ကျဉ်အိမ်(၁)ခု၊ကျဉ်(၁၆)တောင့်တို့အားတွေ့ရှိရပြီး ဝင်းအေး(ခ)အာဒစ်၏ ထွက်ဆိုချက်အရမူးယစ်ဆေးသယ်ဆောင်၊ရောင်းချရာတွင်အသုံးပြုသည့်ထိုင်းအက္ခရာ၊၆၄၄၊ငွေခဲရောင်၊ချက်ပလက်အမျိုးအစား ယာဉ်မှာဘုရား သုံးဆူမြို့အမှတ်(၂)ရပ်ကွက်၊ဥဒေါင်းကန်အနီးရှိ (အာနိုး) ရေဆေးခုံတွင်သွားရောက်ရေဆေးထားကြောင်းသိရှိရသဖြင့် ၁၁း၄၅ နာရီ အချိန်တွင် သက်သေများနှင့်အတူရှာဖွေသိမ်းဆည်းခဲ့သည်။

သို့ဖြစ်ပါ၍ ကျော်လင်းထွန်း(ခ)အငယ်ကောင်နှင့်ဇနီးမန္ဒီထွန်းတို့အား လည်းကောင်း၊ဝင်းအေး(ခ)အာဒစ်၊စောထူးကိုနှင့်အချွန်းလ်တို့(၃)ဦးအားလည်းကောင်း၊ဘုရားသုံးဆူနယ်မြေရဲစခန်းကစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အောင်သူဟိန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရားသုံးဆူမြို့တွင်၊ စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ဘုရားသုံးဆူမြို့တွင်၊ စိတ်ကြွမူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.