တောင်တွင်းကြီး သြဂုတ် ၂၆
တောင်တွင်းကြီးမြို့နယ်တွင် သြဂုတ် ၂၅ ရက်နေ့က ဝါးခုတ်သွားသူ အချင်းချင်း စကားနိုင်လုရာမှာ ဓားခုတ်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဆတ်သွားနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေ ကိုထွန်း၊ ၃၆နှစ်သည် သြဂုတ် ၂၅ ရက် နံနက် ၇ နာရီအချိန်က တစ်ရွာတည်းနေ အစ်ကိုအရင်းဖြစ်သူ ကိုဇော်လွင်၊ ၄၀နှစ်၊ ယောက်ဖဖြစ်သူ ကိုလင်း၊၂၇နှစ် နှင့် ကိုသက် တို့လေးဦးသည် ဝံအော်ကြီးကျေးရွာ အထက်သို့ ဝါးတက်ပြီးခုတ်ကြရာ ညနေ ၄ နာရီအချိန်ခန့် ဝါးခုတ်ပြီးပြန်လာကြစဉ် ဝံအော်ကြီးကျေးရွာအနီးအရောက် ကိုထွန်းမှာ အပေါ့သွားနေသဖြင့် နောက်တွင်ကျန်နေခဲ့ပြီး ကိုဇော်လွင်၊ ကိုလင်းနှင့်ကိုသက်တို့သုံးဦးသည် ရှေ့မှသွားနှင့်ကြကြောင်း၊ ခဏအကြာ ကိုလင်းမှာ ကိုထွန်းထံသို့ ပြေးလာပြီး ကျွန်တော် ကိုဇော်လွင်ကို ကိုင်းခုတ်ဓားဖြင့်ခုတ်ခဲ့တယ်ဟု လာပြောသဖြင့် အမြန်သွားရောက် ကြည့်ရှုခဲ့ရာ ဝံအော်ကြီးကျေးရွာ၊ချောင်းနက် -နေပြည်တော်ကားလမ်း၊သစ်တောရှင်းလင်းဆောင်အနီးတွင် ကိုဇော်လွင်မှာ ဝဲပါးမှ နားရွက်အထိ(၆)လက်မခန့်ပြန်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့၍ ဖြစ်စဉ်အားမေးမြန်းရာ ကိုဇော်လွင် နှင့် ကိုလင်းတို့ နှစ်ဦးမှာ အရက်မူးပြီး တစ်ဦးနှင့်တစ်ဦး စကားနိုင်လုရာမှ ရန်ဖြစ်ကြပြီးနောက် ကိုလင်းမှ အရိုးအသွားတစ်ထောင့်ထွာခန့်ရှိ ကိုင်းခုတ်ဓားဖြင့် ကိုဇော်လွင်အား ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုသက်၏ ပြောပြချက်အရ သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ကိုဇော်လွင်အား ဓားဖြင့်ခုတ်သူ ကိုလင်းအား အရေးယူပေးရန် ကိုထွန်းမှ တရားလိုပြုတိုင်ကြားခဲ့၍ တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်မူးပြီး စကားနိုင်လုရာမှ ဓားခုတ်လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:45
Rating:
