မမီးမီးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်


ကျောင်းကုန်း၊ သြဂုတ် ၁၃ ။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီး ယာဉ်တိမ်းမှောက်မူကြောင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဌာန ဒုတာဝန်ခံ မမီးမီးသည် ယနေ့ သြဂုတ်လ ၁၃ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်ခဲ့ကြောင်း၊ ဒဏ်ရာရှိထားသည့် မမီးမီးအား ပုသိမ်ဆေးရုံသို့ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့ရှိ AHN သတင်းထောက်က ယနေ့ ညနေပိုင်းတွင် သတင်းပေးပို့သည်။


"မမီးမီးတို့ကားက ပုသိမ်ကနေ ရန်ကုန်ကို ပြန်လာတာပါ။ ကျောင်းကုန်းမြို့အထွက် TS ဆီဆိုင်အနီး မိုင်တိုင်အမှတ် ၇၁/၇ နဲ့ ၇၂/၀ ကြားမှာတိမ်းမှောက်ခဲ့တာပါ။ အခြားယာဉ်တစ်စင်းကိုကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းညာဘက်ကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ရဲမှတ်တမ်းအရသိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် မမီးမီးမှာ လက်မောင်းနှစ်ဖက်ကျိုး၊ လက်ဖျံနှစ်ဖက်ထိခိုက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေရခဲ့ပါတယ်။ မမီးမီးကို ပုသိမ်ဆေးရုံကို ပို့ဆောင်စဉ် ကျောင်းကုန်းမြို့ အထွက်မှာပဲသေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကားပေါ်မှာ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ ကို နန္ဒစစ်အောင်၊ ကိုအောင်ကျော်ကျော်တို့ ပါတယ်လို့သိရပါတယ်။ ကျန်တဲ့ လူတွေကတော့ အနည်းငယ်ပဲထိခိုက်မှုရှိပြီး စိုးရိမ်ရမှုမရှိဘူးလို့သိရပါတယ်။ လောလောဆယ်တော့ သတင်းက ဒီလောက်ပဲ စုံစမ်းလို့ရပါသေးတယ် "ဟု ၄င်းကပြောသည်။

လင်းခေတ်ဇော် (AHN – KK)
PHOTO - AHN
The Asia Heart News
မမီးမီးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ် မမီးမီးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် ကွယ်လွန်ခဲ့ခြင်းဖြစ် Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.