မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွား


မိုင်းဆတ် သြဂုတ် ၂၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သြဂုတ် ၂၂ ရက် မနက် ၃ နာရီတွင် မိုးသည်းထန်စွာရွာသွန်း၍ မယ်ဆွမ်တောင်ချောင်းနှင့် ဆိုက်ခေါင်ချောင်းများအတွင်း တောင်ကျချောင်းရေများ ကျဆင်းခဲ့ခြင်းကြောင့် ချောင်းနှင့် ကပ်လျက်ရှိသော မယ်ဆွမ်မြောက်ရပ်ကွက်၊ မယ်ဆွမ်တောင်ရပ်ကွက်နှင့် ဟိုနားကျေးရွာ များရှိ လူနေအိမ်များတွင် ရေများဝင်ရောက်ခဲ့၍ ယနေ့နံနက်ပိုင်းတွင် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာများသို့ ခရိုင်စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးအောင်နိုင်ရွှေ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အစားအသောက်နှင့် ရေဘူးများ လှူဒါန်း ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် မယ်ဆွန်တောင်ရပ်ကွက်အတွင်းရှိ လူနေအိမ် (၁၅ဝ)ခန့်မှာ အနည်းဆုံး (၁)ပေမှ အများဆုံး(၂)ပေခွဲ ခန့်ထိ ရေနစ်မြုပ်မှုဖြစ်ပွားပြီး ဟိုနားကျေးရွာတွင် လူနေအိမ်(၂)လုံး ရေနစ်မြုပ်၍ ခြံစည်းရိုး အုတ်တံတိုင်းပေ (၄ဝ)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇော်ဝမ်းထွန်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွား မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.