မုံရွာ၊ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ မုံရွာ တက္ကသိုလ်နယ်မြေထဲမှ ပျောက်ဆုံးဆိုင်ကယ်များအနက် ဆိုင်ကယ်လေးစီးကို နယ်လှည့် သူခိုးနှစ်ယောက်ထံမှ ပြန်လည်သိမ်းဆီး ရရှိမိကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းမှ ပြောသည်။
ရန်ကုန်မြို့ လှိုင်သာယာ မီးခွက်ဈေး ၊ အမှတ်(၇)လမ်းနေ ကိုသက်မော် ဆိုသူနှင့် လပ္ပတ္တာမြို့နယ် ဖိုးပြည့်ကျေးရွာအုပ်စု ၊ ကြိမ်နီကျေးရွာနေ ကိုဇော်ထူး ဆိုသူတို့မှာ FZ ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကလုန် ဆိုင်ကယ် တစ်စီးတို့ကို မန္တလေး - ရွှေဘို ကားလမ်းအနီး ကျော်ဇေယျကျေးရွာအနီး သုသာန်ထဲတွင် ဆိုင်ကယ်သော့များဖျက်ဆီးနေကြောင်း ဒုရဲအုပ် ဇော်မိုးအောင်နှင့်အဖွဲ့က မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ မုံရွာ တက္ကသိုလ်နယ်မြေထဲမှ ခိုးယူစီးနင်းလာသည့် ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့အပြင် အဆိုပါ နယ်လှည့် ဆိုင်ကယ်သူခိုး နှစ်ယောက်သည် ယခင်က ခိုးယူခဲ့သော ဆိုင်ကယ်များကို ရန်ကုန်မြို့သို့ အဝေးပြေး ခရီးသည်တင်ယာဉ်များဖြင့် သယ်ယူ၍ ရန်ကုန်မြို့တွင် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုစစ်နှင့်အဖွဲ့သည် ခိုးရာပါ ဆိုင်ကယ်များကို ရန်ကုန်မြို့သို့ သွားရောက်သိမ်းဆီးခဲ့ရသည်။
မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်း က “ မုံရွာမြို့ပေါ်က သူခိုး ခိုးတယ်ဆိုရင် အမှုလိုက်ရတာ လွယ်ကူနိုင်သလို မုံရွာ ဒေသခံ မဟုတ်တဲ့ တခြားနယ်က လာခိုးတဲ့ သူခိုးဆိုရင် လက်ရဖမ်းမိနိုင်ဖို့ ဆိုတာ အခက်အခဲတွေရှိတယ် .. ” ဟု ပြောသည်။
ယခုအခါ အဆိုပါ နယ်လှည့်ဆိုင်ကယ် သူခိုးနှစ်ယောက်အား မုံရွာနယ်မြေရဲစခန်း (ပ) ၂၃၅/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၀(ဆိုင်) အရ မုံရွာတက္ကသိုလ်မြေအတွင်းမှ ခိုးယူခဲ့သော ဆိုင်ကယ်ခိုးမှု လေးမှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုတိုးကြီး ( မုံရွာ)
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ တက္ကသိုလ်နယ်မြေထဲက ပျောက်ဆုံးဆိုင်ကယ်များ နယ်လှည့်ဆိုင်ကယ်သူခိုး နှစ်ယောက်ထံမှ ပြန်ရ
Reviewed by THITHTOOLWIN
on
21:58
Rating:
