![]() |
ရွှေဇားရွာ အဝင်အဝက စစ်ဆေးရေး ဂိတ် |
ဒါပေမယ့် မောင်တော ဒေသနဲ့ ၂ မိုင် ကျော် လောက်ပဲ ဝေးတဲ့ ရွှေဇား ရွာမှာ တော့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ နဲ့ ဟိန္ဒူဘာသာ သုံးခု က လူတွေ စုပေါင်း နေထိုင် ပေမယ့် ပြဿနာ တစုံတရာ ဖြစ်ပေါ်ခြင်း မရှိခဲ့ပါဘူး။
ရွှေဇား ရွာမှာ ဘာသာကြီး သုံးခု က လူတွေဟာ လက်ရှိ အချိန် အထိ စည်းစည်းလုံးလုံး နဲ့ စုစည်း နေထိုင် ကြတယ်လို့ ဩဂုတ်လ ၂၃ ရက်နေ့ တုန်း က ရခိုင် ဒေသကို အစိုးရ အစီအစဉ် နဲ့ သတင်းယူဖို့ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရတာ တနှစ်ပြည့်တဲ့ အချိန်မှာ အဲဒီ ဒေသကို ပြည်တွင်းပြည်ပ သတင်းဌာနတွေ က သတင်းထောက်တွေဟာ အစိုးရ အစီအစဉ် နဲ့ သတင်းသွားရောက် ရယူ ခဲ့ကြတာ ဖြစ်ပါတယ်။
ရွေဇားရွာမှာ အိမ်ခြေ ၂ထောင်ကျော်ရှိပြီး လူဦးရေ တသောင်းကျော်မှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနဲ့ဟိန္ဒူဘာသာဝင်တွေစုနေကြပြီး ဘာပြဿနာမှ မတက်ခဲ့ဘူးလို့ သိရပါတယ်။
၂၀၁၇ ခုနှစ် တုန်း က ဖြစ်ခဲ့တဲ့ မောင်တော ဒေသ တိုက်ခိုက်မှုတွေ အတွင်းမှာ ဒီ ရွာ အနေနဲ့ ဘာပြဿနာမှ မဖြစ်ခဲ့ဘူးလို့ အဲဒီမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် ဦးအာမက်အလီ က ဘီဘီစီ ကို ပြောပါတယ်။
![]() |
မောင်တော တိုက်ခိုက် ခံရမှု တနှစ် ပြည့်ချိန်မှာ လုံခြုံရေး ကိုလည်း အထူး ကြပ်မတ် ဆောင်ရွက် |
ရွာလူဦးရေ တသောင်းကျော်မှာ ရခိုင် လူမျိုး က ၅၀၀ကျော်ရှိပြီး ဟိန္ဒူဘာသာဝင် က ၂၀၀ကျော် နဲ့ကျန်တာက အစ္စလာမ်ဘာသာဝင်တွေအများစုဖြစ်ပေမယ့် ကျေးရွာကိုတော့ ရခိုင်လူမျိုး အုပ်ချုပ်ရေးမှူး ဦးတင်စိုး က အုပ်ချုပ် ပါတယ်။
ရွာထဲကို နည်းနည်းလျှောက်မေးကြည့်တော့ အစ္စလာမ် ဘာသာဝင် ဒေါ်မနု ဆိုတဲ့ အမျိုးသမီးတဦး က သူတို့ အနေနဲ့ ၂၀၁၇ ခုနှစ် ပြဿနာ ဖြစ်ပွား ခဲ့တဲ့ အချိန် တုန်း က ရခိုင် လူမျိုးတွေရောင်းချ တဲ့ ဈေးဆိုင်မှာ ဈေးဝယ် တာတွေ လုပ်ခဲ့ပြီး ဘာမှ ပြဿနာ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီရွာမှာနေတဲ့ ဘာသာကြီး ၃ခုက ဒေသခံတွေဟာ သူ့ဘာသာပွဲ၊ ကိုယ့်ဘာသာ ရဲ့ ပွဲလမ်း မခွဲခြားဘဲပူးပေါင်းလုပ်ကြသလို တိုင်ပင်စရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြီး စုပေါင်းလုပ်ကြတာက စည်းလုံးခြင်းရဲ့ အဓိက သော့ချက်ဖြစ်တယ် ဆိုကြပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ မောင်တော ဒေသ နဲ့ ၂ မိုင် လောက်သာ ဝေးတဲ့ ရွှေဇား ရွာမှာတော့ ပြဿနာ ဖြစ်ပွား ခဲ့ခြင်း မရှိဘဲ၊ စည်းလုံးခြင်း နဲ့ စုပေါင်း နေထိုင် တဲ့ ရွာ ဆိုတဲ့ အမည်သစ် ကို ပေးခဲ့တယ်လို့ သတင်းသမား တွေ အကြား ပြောဆို နေပါတယ်။
BBC Burmese
https://www.bbc.com
ရွှေဇား ရွာမှာ ဘာသာ သုံးခု အကြား ပဋိပက္ခ မရှိဘဲ စုစည်း နေထိုင်ခဲ့ကြ
Reviewed by THITHTOOLWIN
on
09:22
Rating:
