ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် နေအိမ် ၇ လုံးထပ်မံပြိုကျပျက်စီးခဲ့ပြီး နေထိုင်ရန်မသင့်သည့် နေအိမ် ၂၆ လုံး ဖြိုချကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး


ပေါင် သြဂုတ် ၁၄

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ပင်လယ် ရေမြင့်တက်လာမှုကြောင့် ပင်လယ်ရေလုပ်သားများ၏ နေအိမ် ၇ လုံးထပ်မံပြိုကျပျက်စီးခဲ့ပြီးနေထိုင်ရန်မသင့်တော်သည့် နေအိမ် ၂၆ လုံးကို ဖြိုချကာဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ခဲ့ရကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်ချက်များအရသိရသည်။

ပင်လယ်ရေတက်ခြင်းကြောင့် အလှပ်ကျေးရွာအုပ်စုရှိ အလှပ်ကမ်းနားပိုင်းတွင် သြဂုတ် ၁၂ ရက်နေ့တွင် နေအိမ် ၃၇ လုံးပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် စာသင်ကျောင်းနှင့် တိုက်နယ်ဆေးရုံ အတွင်းသို့ ရေများ ၀င်ရောက်လာမှုကြောင့် ကျောင်းသား/သူများနှင့် လူနာများအားအရေးပေါ်ရွေ့ပြောင်းပေးခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့တွင် နေအိမ်ထပ်မံပြိုကျ ပျက်စီးမှုနှင့် နေထိုင်ရန်မသင့်သည့် နေအိမ် ၂၆ လုံးကို ကြိုတင်ဖျက်သိမ်းကာ နီးစပ်ရာဆွေးမျိုးနေအိမ်များသို့ ပြောင်းရွေ့ ပေးခဲ့ရကြောင်းပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ထံမှ သိရသည်။

“အခုဖြစ်တဲ့နေရာကလှေလုပ်သားတွေ အများဆုံး နေထိုင်တဲ့နေရာတွေ၊ လုံးဝကို မနေထိုင်သင့်တဲ့ အန္တရာယ်ရှိတဲ့နေရာ တွေပေါ့၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတွေညှိနှိုင်းပြီးတော့ ပြည်နယ်အစိုးရကိုတင်ပြပြီးတော့၊ ဒီကစုပေါင်းထောက်ပံ့တဲ့ဟာတွေနဲ့ သူတို့ရဲ့ပိုက်ဆံနဲ့ စုပေါင်းပြီးတော့ နောက်နေရာတစ်နေရာကိုနေထိုင်ဖို့ သူတို့ကိုအကြံပေးခဲ့တယ်။တစ်ချို့ကလည်း အဝေးက လာနေကြတယ်၊ တစ်ချို့ကလည်းဒီဒေသက နေထိုင်ကြတဲ့ သူတွေလည်း ပါတာပေါ့။ အားလုံးကကိုယ့်ပြည်သူပြည်သားပဲဆိုတော့ အားလုံးကို ၀ိုင်းဝန်းကူညီရ မှာပေါ့။ နိုင်ငံတော်ဘက်ဂျက်နဲ့ကျောက်တွေနဲ့လည်း စီထားပေးတယ်။ ဒါပေမယ့်လှိုင်းတက်လာရင်မခံနိုင်ဘူး၊ အကာအကွယ်မဲ့သလို ဖြစ်နေတယ်။ဒီနေရာမှာလမု၊ လမဲ့၊ ကနစိုးစသည့် လှိုင်းဒဏ်ခံနိုင်တဲ့ အပင်တွေကိုစိုက်ရမယ်။ အဲဒါကသစ်တောနဲ့ စိုက်ပျိုးတွေမှာ တာဝန်ရှိပါတယ်။ဒီအပင်တွေကိုသာစိုက်လိုက်မယ်ဆိုရင် ဒီအလှပ်ကျေးရွာ ရေရှည်အတွက် ကောင်းမှာပါ။ ခုဟာကဒီကျောက် လောက်က ဒီသဘာဝဘေးကို မကာကွယ်နိုင်တော့ဘူး။”ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ကပြောသည်။

“ ၁၂ ရက် ညနေပိုင်းကလှိုင်းကြမ်းတော့ ကမ်းနားနေအိမ်တွေကိုရိုက်တာအိမ်တွေပြို၊ ကျောင်း၊ ဆေးရုံထဲကို ရေ၀င်တယ်။အဓိကကျတဲ့ ဆေးရုံဝင်းက လူတွေကိုပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လူနာတွေကိုအရေးပေါ် ရွေ့ပြောင်းပါတယ်။ နောက်တော့ ပျက်စီးနေတဲ့ ပစ္စည်းတွေကိုလိုက်ကောက်သိမ်းပေးသလို၊ ယိုင်နေတဲ့ အိမ်တွေကို ကြိုးတွေနဲ့ဆွဲပြီးတော့ တည့်ပေးတယ်။ အရင်နှစ်တွေကလှိုင်းကာကျောက်တန်းတွေ ကာထားတဲ့ နေရာတွေထိပဲလှိုင်းတွေက ရိုက်တာဒီဘက်အထိတော့ မရောက်ဘူး။ဒီနှစ်က ၅ ပေလောက်ရှိတဲ့ လှိုင်းလုံးကြီးတွေ တက်လာတယ်။ အကောင်းဆုံးကတော့ ဒီရေတောတွေ များများစိုက်ပေးဖို့ရယ်၊ လှိုင်းကာကျောက်တန်းတွေကိုထပ်ဆင့်ထပ်ဆင့် ၃ ထပ်လောက်ကာထားပေးမယ်ဆိုရင် ဒီနေရာကလှိုင်းဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိမှာပါ။ ရေမြင့်တက်လာတဲ့ အချိန်က ကျဆင်းသွားတဲ့ အချိန်ထိကို တပ်မတော်သားတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ့နဲ့ ပူးပေါင်းပြီးတော့ လိုအပ်ရင် လိုအပ်သလိုကူညီကယ်ဆယ်သွားဖို့ ရှိပါတယ်။” ဟု မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိုးကျော်သူကပြောသည်။

“ဒီလိုမျိုးရေကတက်လာတာတစ်ခါမှ မဖြစ်ဖူးဘူး။အဓိကအခက် အခဲကနေဖို့ထိုင်ဖို့က အခက်အခဲဖြစ်တာပေါ့လေ။ ခဏနေရေ တက်လာရင် ဘာမှသယ်လို့မရတော့ဘူးလေ၊ ရေမတက်ခင်မှာအလု အရပ်သယ်နေပိုးနေရတော့ တစ်ခါတလေ လာထောက်ပံ့တဲ့ ပစ္စည်းတွေ သွားမယူရဘူး။”ဟုဒေသခံရေဘေးသင့်ပြည်သူတစ်ဦးကပြောသည်။

အဆိုပါရေဘေးသင့်ပြည်သူများအားမွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုကူညီကယ်ဆယ်ရေး အသင်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများတို့ကကယ်ဆယ်ရေး ပစ္စည်းများ၊ ငွေသားများ၊ အိမ်ဆောက် ပစ္စည်းများ၊ ဆန်နှင့်စားသောက် ဖွယ်ရာမျာကိုသွားရောက်ထောက်ပံ့ပေးခဲ့ပြီးလိုအပ်သည်များကို ပူးပေါင်းကာ ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်ပြည်သူ များအားဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တ ပြောင်းရွေ့ပေးထားကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။

ကိုဟိန်း ( ပေါင် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် နေအိမ် ၇ လုံးထပ်မံပြိုကျပျက်စီးခဲ့ပြီး နေထိုင်ရန်မသင့်သည့် နေအိမ် ၂၆ လုံး ဖြိုချကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် နေအိမ် ၇ လုံးထပ်မံပြိုကျပျက်စီးခဲ့ပြီး နေထိုင်ရန်မသင့်သည့် နေအိမ် ၂၆ လုံး ဖြိုချကာဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.