![]() |
မက္ကဆီကို စီးပွားရေး ဝန်ကြီးနဲ့ အမေရိကန် သမ္မတတို့ လက်ဆွဲနှုတ်ဆက်နေစဉ်။ |
ဒီလို သဘောတူညီချက် ရဖို့အတွက်လည်း တနှစ်နီးပါး ဆွေးနွေးခဲ့ရပါတယ်။
၁၉၉၄ ခုနှစ် ဇန်နဝါရီလမှာ စတင်အသက်ဝင်ခဲ့တဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမြဲလိုလို ဝေဖန်လေ့ရှိပါတယ်။
အမေရိကန်ရဲ့ အထူးသဖြင့် ကားထုတ်လုပ်တဲ့ လုပ်ငန်းကို ထိခိုက်တယ်ဆိုပြီး ပြန်လည် ဆွေးနွေးဖို့လည်း သမ္မတ ထရမ့်က တောင်းဆိုသလို ဒီစာချုပ်ကနေ နုတ်ထွက်မယ်ဆိုပြီး ခြိမ်းခြောက်လေ့ရှိပါတယ်။
ခုသဘောတူညီချက်ဟာ အရင်က စာချုပ်ထက် နှစ်နိုင်ငံလုံးအတွက် ပိုပြီး မျှတ တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ နှစ်နိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေ၊ ကုန်ထုတ်လုပ်တဲ့သူတွေနဲ့ အလုပ်လုပ်နေတဲ့ လူတိုင်းအတွက် တကယ်ကို အကျိုးရှိ မျှတတဲ့ စာချုပ်ပါလို့ သူက ပြောပါတယ်။
သဘောတူညီချက်တွေထဲမှာ ဉာဏပစ္စည်း မူပိုင်ခွင့်တွေ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး ကိစ္စရပ်တွေနဲ့ ရင်းနှီးမြုပ်နှံသူတွေအကြား အငြင်းပွားနေတဲ့ အကြောင်း အရာတွေကို ဖြေရှင်းထားတယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၇ ရက်နေ့က ကြေညာခဲ့တဲ့ ကနဦး သဘောတူညီချက်မှာ ထုတ်ကုန် ၇၅ ရာခိုင်နှုန်းကို နှစ်နိုင်ငံလုံးမှာ ထုတ်လုပ်ပြီး အခွန်ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
![]() |
အမေရိကန် မက္ကဆီကို နယ်စပ် |
ဒါဟာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ သူတို့ရဲ့ စက်ရုံတွေကို လုပ်အားခ သက်သာတဲ့ မက္ကဆီကို မပြောင်းအောင် တားဆီးဖို့ ရည်ရွယ်တာလို့လည်း လေ့လာသူတွေက ထောက်ပြပါတယ်။
ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၆ နှစ်တကြိမ် ပြန်သုံးသပ်ဖို့လည်း ပါရှိပါတယ်။ သဘောတူညီချက်ရခဲ့ပြီးနောက် အမေရိကန် ရှယ်ယာတွေ ပိုမိုခိုင်မာလာသလို မက္ကဆီကို ပီဆိုလည်း ဈေးတက်သွားပါတယ်။
အလုပ်သမားသမဂ္ဂနဲ့ စက်မှုလုပ်ငန်းအဖွဲ့တွေက နောက်ဆုံး သဘောတူညီ ချက်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်မှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ ပါဝင်ပါ တယ်။ ဒီစာချုပ်အရ ကုန်သွယ်မှုက နှစ်စဉ် ဒေါ်လာ ၁ ထရီလီယံ နီးပါးလည်း ရှိနေပါတယ်။
မက္ကဆီကိုနဲ့ သဘောတူညီချက်အတော်များများ ရပြီဖြစ်လို့ အမေရိကန် တာဝန်ရှိသူတွေက ကနေဒါနဲ့ ဆက်ဆွေးနွေးဖို့ မျှော်လင့်နေ ပါတယ်။
အမေရိကန်ကလည်း ကနေဒါက တင်သွင်းတဲ့ သံမဏိနဲ့ အလျူမီနီယံတွေကို အခွန်အတုပ်တိုးကောက်ခဲ့တာကြောင့် အမေရိကန်နဲ့ ကနေဒါတို့ကလည်း ကုန်သွယ်ရေး ကိစ္စတွေမှာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။
ကနေဒါနဲ့ သဘောတူညီချက်မရရင်လည်း မက္ကဆီကိုနဲ့ ၂ နိုင်ငံ သဘောတူညီချက်နဲ့ ကုန်သွယ်ရေး ကိစ္စတွေကို အကောင်ထည် ဖော်သွားမယ်ဆိုတဲ့ သဘောထားမျိုးလည်း သမ္မတ ထရမ့်မှာ ရှိနေပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ကနေဒါနဲ့ မဆွေးနွေးရသေးသလို သဘောတူညီမှု မရသေးတာကြောင့် မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ ညီချက် စာချုပ် နောက်ဆုံး ရလဒ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဒီဒေသက စီးပွားရေးသမားတွေ စောင့်ကြည့်နေပါတယ်။
BBC Burmese
https://www.bbc.com
အမေရိကန်နဲ့ မက္ကဆီကို ကုန်သွယ်ရေး သဘောတူညီချက်ရ
Reviewed by THITHTOOLWIN
on
09:18
Rating:
