မန္တလေးမြို့၊ မနော်ရမ္မံကစားကွင်းရှေ့တွင် လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယူမှုမှု ကျူးလွန်သူအား ဖမ်းဆီးရမိ


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်း၊ မနော်ရမ္မံကစားကွင်းရှေ့တွင် သြဂုတ်လ ၂၉ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက်သွားမှူမှ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီး လိုအပ်သည့် စစ်ဆေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်နေ ဦးကျော်ကျော်ဦး(၄၂)နှစ်သည် မဟာမြိုင်(၂)ရပ်ကွက်ရှိ မနော်ရမ္မံ ကစားကွင်းရှေ့လမ်းဘေးတွင် ၂၄ယ/----- YAMAHAFINO ဆိုင်ကယ်အားရပ်ပြီး ဖုန်းပြောနေစဉ် ၆၂ လမ်းအတိုင်း မြောက်မှ တောင်သို့ လမ်းလျှောက်လာသည့် အမည် မသိ အမျိုးသားတစ်ဦးက နောက်မှရောက်ရှိလာပြီး ဦးကျော်ကျော်ဦး၏ လည်ပင်းကို ဓားဖြင့်လှီးခဲ့သဖြင့် ၄ လက်မခန့်ပြတ်ရှဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိကာ လဲကျသွားစဉ် ဆိုင်ကယ်အား လုယူမောင်းနှင် ထွက်ပြေးသွားခြင်းဖြစ်သည်။

ဖြစ်စဉ်အပေါ် ဦးကျော်ကျော်ဦး၏ အစ်ကိုဖြစ်သူ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်နေ ဦးခင်မောင်အေး၊ (၅၂)နှစ်မှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တရားလိုပြုလုပ် တိုင်တန်းချက်အရ မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းမှ (ပ)၆၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ အောင်ကိုကို(ခ)အောင်ကိုဦး၊ (၂၂)နှစ်၊ (ဘ)ဦးမျိုးညွန့်(ခ)ဦးမျိုးသန့်၊ မှတ်ပုံတင်မရှိ၊ ရေတွင်းတူးလုပ်၊ (ဖ/၁၅)၊ ကျူးကျော်၊ ထွန်တုံးရပ်၊ ချမ်းမြသာစည်မြို့နယ်နေသူအား ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံဓား၊ လုယူသွားသည့် သက်သေခံဆိုင်ကယ်တို့နှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၁၃၀နာရီအချိန်ခန့်က ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီး၌ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့၊ မနော်ရမ္မံကစားကွင်းရှေ့တွင် လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယူမှုမှု ကျူးလွန်သူအား ဖမ်းဆီးရမိ မန္တလေးမြို့၊ မနော်ရမ္မံကစားကွင်းရှေ့တွင် လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယူမှုမှု ကျူးလွန်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.