တာချီလိတ်၊ သြဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံရွာ၊ လွယ်စတုံအမှိုက်ပုံအနီး၌ အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကီးလိုကောက်သူ အမျိုးသား တစ်ဦး ဒဏ်ရာများရရှိသည့်ဖြစ်စဉ် သြဂုတ် ၆ ရက်ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည်။
သြဂုတ် ၆ ရက်ည ၉ နာရီအချိန်ခန့် တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံရွာ၊ လွယ်စတုံအမှိုက်ပုံဘေးရှိ နေအိမ်တဲတွင် နေထိုင်သည့် ဦးမျိုးကျော်(ခ)ကရင်မ (၃၃ နှစ်)သည် ကီလိုကောက်ရန် တွန်းလှည်းဖြင့် မြို့ရှောင်လမ်းမကြီးအတိုင်း ထွက်လာခဲ့ရာ တာဝေမီးစက်အနီး တော်ကော့တွင်း၊ ဆောက်လက်စအဆောက်အဦနှင့် မြေကွက်များ အား ခြံစည်းရိုးများကာရံထားသော နေရာသို့ ကီလိုကောက်ရန် လမ်းသွယ်သို့အဝင်တွင် အမည်မသိအမျိုးသား နှစ်ဦး အပြာရောင်မော်တော်ယာဉ်ဖြင့် နောက်မှ ရောက်ရှိလာခဲ့ ပြီး ဦးမျိုးကျော်(ခ)ကရင်မ အား ကျော်မောင်းသွားပြီး ကားပေါ်မှ ဆင်းလာကာ သေနတ်ဖြင့်ပစ်ခတ်သဖြင့် အဆိုပါနေရာ၌ပင် တွန်းလှည်းနောက်လဲကျသွားခဲ့ကြောင်း၊ သေနတ် ဖြင့် သုံးချက်ပစ်ခတ်ပြီးနောက် ကားပေါ်ပါလာသည့် ယာဉ်မောင်းသူနှင့် ရှမ်းစကားပြောကာ ကားပေါ်တက်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးမျိုးကျော်(ခ)ကရင်မ၏ လည်ပင်း၊ ဝဲဘက် လက်ကောက်ဝတ်၊ ဝဲဘက်ပေါင်တို့တွင် သေနတ်ဒဏ်ရာ ခြောက်ချက်ရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည့်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသနေကြောင်း သိရသည်။
အမှုမှာ သေနတ်ဖြင့် ပစ်ခတ်သွားသူအား အရေးယူပေးရန် ဦးမျိုးကျော်(ခ)ကရင်မ(၃၃ နှစ်)၊ လွယ်စတုံအမှိုက်ပုံ၊ လွယ်စတုံရွာ၊ ဝမ်လုံးအုပ်စု၊ တာချီလိတ်မြို့နေသူက တရားလိုပြုလုပ်တိုင်ရာ တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)
ဓါတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့ + တာချီလိတ်နာရေးကူညီမှုအသင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၊ လွယ်စတုံအမှိုက်ပုံအနီး၌ ကီလိုကောက်သည့် အမျိုးသားတစ်ဦး သေနတ်အပစ်ခံရ
Reviewed by THITHTOOLWIN
on
19:18
Rating:
