ဗင်နီဇွဲလား သမ္မတ ဒရုမ်း နဲ့ တိုက်ခိုက်ခံရပြီး အသက်ဘေးက လွတ်မြောက်

သမ္မတ မဒူရို မိန့်ခွန်း ပြောနေစဉ် ဒရုမ်းတွေ ရောက်လာခဲ့
စစ်ရေးပြ အခမ်းအနား တခုမှာ သမ္မတ နီကိုလပ် မဒူရို မိန့်ခွန်းပြောနေစဉ် ပေါက်ကွဲပစ္စည်းတွေ ပါတဲ့ ဒရုမ်းတွေ ရောက်ရှိလာခဲ့တယ်၊ ဒါပေမယ့် သမ္မတ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ် လို့ ဗင်နီဇွဲလား အစိုးရ အရာရှိတွေ က ပြောပါတယ်။

သမ္မတမိန့်ခွန်းပြောနေစဉ် ရုပ်မြင်သံကြား မှာ တိုက်ရိုက်ထုတ်လွှင့် နေခဲ့တာ ဖြစ်ပြီး အစီအစဉ် ရုတ်တရက် ပြတ်တောက်သွားခဲ့ပါတယ်။

ရုပ်မြင်သံကြား အစီအစဉ် မပြတ်တောက်ခင်မှာ မစ္စတာ မဒူရို က ဇနီးသည် ဘေးမှာ ရပ်နေပြီး မိန့်ခွန်းပြောနေစဉ် သူ့နံဘေးက ဝန်ကြီးတချို့ မိုးပေါ်ကို ရုတ်တရက် ကြည့်ကာ တုန်လှုပ် ခြောက်ခြားသွားတာ တွေ့ရပါတယ်။

စစ်ရေးပြနေတဲ့ စစ်သားတွေလည်း ထွက်ပြေးကြတာ တွေ့ရပါတယ်။

ဗင်နီဇွဲလား ဆက်သွယ်ဆက်ဆံရေး ဝန်ကြီး ဂျော့ ရိုဒရီးဂို့စ် က ဒါဟာ သမ္မတ မဒူရို ကို ရည်ရွယ်တိုက်ခိုက်ခဲ့ကြတဲ့ လုပ်ရပ်လို့ ပြောပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ မဒူရို မိန့်ခွန်းပေးခဲ့တဲ့ နေရာနား က အဆောက်အဦလည်း မီးခိုးတွေ စွဲခဲ့
ဒရုမ်း ၂ ခု က ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင် လာခဲ့ပြီး သမ္မတ မိန့်ခွန်းပြောနေတဲ့ စင်နား မှာ အဲဒီ ဒရုမ်းတွေ က ပေါက်ကွဲခဲ့တာ လို့ ဝန်ကြီး ရိုဒရီးဂို့စ် က ပြောပါတယ်။

ဒဏ်ရာရ ထားတဲ့ စစ်သားတွေကို ဆေးရုံမှာ ကုသခဲ့ပြီး သမ္မတ က တော့ အစိုးရ ဝန်ကြီးတွေ၊ စစ်တပ်ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးခဲ့တယ် လို့ အဲဒီ ဝန်ကြီး က ပြောပါတယ်။

နိုင်ငံက လက်ယာ အတိုက်အခံ သမားတွေရဲ့ လက်ချက် ဖြစ်တယ်လို့လည်း ဝန်ကြီး က စွပ်စွဲပါတယ်။

မဲရှုံးပြီးတော့ ဒါနောက်ထပ် သူတို့ရဲ့ အရှုံး ပဲလို့လည်း သူ က ဆိုပါတယ်။

မေလ တုံး က သမ္မတရွေးကောက်ပွဲကို သူကရည်ညွှန်းခဲ့တာ ဖြစ်ပြီး မစ္စတာ မဒူရိုဟာ အဲဒီရွေးကောက်ပွဲမှာ နောက်ထပ် ၆ နှစ် သက်တမ်း အတွက် အနိုင်ရခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဗင်နီဇွဲလား သမ္မတ ဒရုမ်း နဲ့ တိုက်ခိုက်ခံရပြီး အသက်ဘေးက လွတ်မြောက် ဗင်နီဇွဲလား သမ္မတ ဒရုမ်း နဲ့ တိုက်ခိုက်ခံရပြီး အသက်ဘေးက လွတ်မြောက် Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.