![]() |
နားမကြားသူ တွေကို တက္ကစီ ဒရိုင်ဘာ အဖြစ် အလုပ် လုပ်ကိုင်ခွင့် ပေး |
အကြားအာရုံ ချို့တဲ့ သူတွေကို တက္ကစီ ယာဉ်မောင်း အဖြစ် အလုပ် ခန့်ဖို့ အတွက် နည်းပညာ အကူအညီ ကို ရယူ ခဲ့ရတာ ဖြစ်ပြီး ဩဂုတ်လ ဒုတိယ ပတ် ထဲမှာ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း တွေမှာ စတင် တာဝန် ထမ်းဆောင် နေကြပါပြီ။
နားမကြား သူတို့ တက္ကစီ ဒရိုင်ဘာ အဖြစ် လုပ်ကိုင် နိုင်ဖို့ အတွက် နည်းပညာ ဆော့ဖ်ဝဲလ် ကို ပြည်တွင်း Coatus ကုမ္ပဏီ က ဖန်တီး ပေးခဲ့တာပါ။ ဒီ ကုမ္ပဏီ ကို ကျောင်းသား လူငယ်တွေက ဦးဆောင် ပါတယ်။
သူတို့ တွေရဲ့ တက္ကစီ ကားရဲ့ ရှေ့ နဲ့ အနောက် ထိုင် ခုံတွေမှာ နှစ်ဘက်မြင် ကွန်ပြူတာ တက်ခ်ဘလက်တွေကို ထည့်သွင်း ပေးခဲ့ပြီး ခရီးသည် က သွားလိုရာ ကို ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ရိုက်နှိပ် ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။
ဒါကို နားမကြားသူ တက္ကစီ ဒရိုင်ဘာ က မြင်တွေ့ ပြီး GPS မြေပုံညွှန်း နဲ့ ခရီးသည် သွားလိုရာကို လိုက်ပါ ပို့ဆောင် ပေးရတာ ဖြစ်တယ်လို့ တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနမှာ ဖော်ပြပါတယ်။
အဲဒီ ကွန်ပြူတာ တွေဟာ ကိုရီးယား ဘာသာ စကားနဲ့ Goyohan ဂိုးယိုဟန် လို့ ခေါ်တဲ့ အသံတိတ် အငှားကား Silent Taxi အပ်ပ် တွေနဲ့ ချိတ်ဆက် ထားပြီး အဲဒီ App တွေဟာ အသံ ကနေ စာသား ကို ပြောင်းလဲ ဖန်တီး ပေး နိုင်တဲ့ လုပ်ငန်း ဆောင်ရွက် မှုတွေလည်း ပါဝင် ပါတယ်။
![]() |
အပ်ပ် ကို တီထွင် ဖန်တီးခဲ့သူ ဆောင်မင်ပြို |
သူတို့ အနေနဲ့ နားမကြား သူတွေ အလုပ်အကိုင် နေရာ ရရှိဖို့ အခုလို ဖန်တီး ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ တောင်ကိုရီးယားမှာ က တက္ကစီ စီးနင်း ကြတဲ့ ခရီးသည် အများစု က ယာဉ်မောင်းဟာ နားလေးသူ၊ နားမကြားသူ ဖြစ်ရင် သူတို့ မောင်းနှင် တဲ့ ကား ကို မစီးလို ကြဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အခု လို့ ကွန်ပြူတာ ဖန်သား ပြင်မှာ ကိုယ်သွားလိုတဲ့ ခရီး လမ်း ကြောင်း ကို ရိုက်နှိပ် ရွေးချယ်ပေးရပြီး နားမကြားသူတွေ မောင်းတဲ့ အငှား ကား ကို တော့ စီးဖို့ ဝန်မလေး ကြဘူးလို့ သိရပါတယ်။
![]() |
နှစ်ဘက်မြင် ကွန်ပြူတာတွေ ထည့်သွင်း ပေးခဲ့ |
တောင်ကိုရီးယားနိုင်ငံမှာ နားမကြား ရတဲ့ ဝေဒနာ ကို ခံစား နေရသူက နှစ် သိန်း ငါးသောင်း ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန် တဲ့ စာရင်း ဇယား တွေမှာ ဖော်ပြထားပါတယ်။ ဒီလူတွေ အလုပ်အကိုင် ရပြီး လူမှု ဝန်းကျင်ကို အကျိုးပြု တဲ့ လုပ်သား တွေ အဖြစ် ဖန်တီး ပေး နိုင်ဖို့ မျှော်လင့် မိကြောင်း မစ္စတာ ဆောင်မင်ပြို က ပြောဆို ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
တောင်ကိုရီးယား က နားမကြားသူတို့ အတွက် တက္ကစီ ဒရိုင်ဘာ အလုပ်
Reviewed by THITHTOOLWIN
on
05:45
Rating:
