စစ်တပ်က ပြန်ပေးမြေ လယ်သမားတွေ ပြန်မရကြ


နိရဉ္စရာ၊ သြဂုတ် ၎

ရခိုင်ပြည်နယ် မြို့နယ် အတော်များများတွင် စစ်တပ်က သိမ်းယူသွားသော မြေတစ်ချို့အား ပြန်လည် စွန့်လွတ်သော်လည်း ၎င်းလယ်မြေများကို မူလပိုင်ရှင်များ မရရှိဘဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

“ အခု ကျောက်တော်မြို့နယ်မှာ ကျွန်တော် ဆောင်ရွက်နေတဲ့ လယ်ဧကပေါင်း၂၀၀ နဲ့ ၃၀၀ အကြားမှာရှိပါတယ်။ စစ်တပ်က ၂၀၁၄ ခုနှစ်ကနေ စွန့်လွတ်ခဲ့တယ်။ ဒါပေမယ့် ဒီလယ်တွေက ပိုင်ရှင်တွေရဲ့ လက်ထဲ ပြန်မရောက်သေးဘဲ ယခင်က စစ်တပ်သီးစားချတုန်းက လုပ်ကိုင် ခဲ့တဲ့လူတွေရဲ့ လက်ထဲမှာ ရှိနေသေးတာကို တွေ့ရပါတယ်” ဟု လယ်သမားများအတွက် အကျိုးဆောင်ပေးနေသူ လူထုဇော်ဝင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုလက်ရှိ လူထု ဦးဇော်ဝင်း ကူညီ ဆောင်ရွက်ပေးနေသည့် လယ်ဧကမှာ ကြောင်စွယ်ဖြူ ကျေးရွာတွင် ဧက ၂၀၀ ကျော်နှင့် အပေါက်ဝရွာတွင် ဧက ၆၀ ကျော် ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော် ဒီလယ်မြေတွေ ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဇူလိုင် ၃၁ ရက်နေ့က စာ ၄ စောင်တင်ခဲ့ပါတယ်။ ၀န်ကြီးတွေနဲ့ မတွေ့ခဲ့ဘူး။ အရင်တွေ့တုန်းကတော့ ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးတွေက ကျွန်တော်ကို စာရေးတင်ဖို့ အကြံပြုထားတာတွေရှိတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ပူးပေါင်း ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောဆို ထားတာတွေ ရှိပါတယ်” ဟု လူထု ဇော်ဝင်းက ပြောကြားသည်။

ကျောက်တော်မြို့နယ်မှ စစ်တပ် စွန့်လွတ်ခဲ့သည့် လယ်မြေများအထဲတွင် ပြိုင်းချောင်း ၂၀၀ဧက၊ ကျင်းကြီး ၄၄ ဧက၊ ရှင်ကြမ်း ၂၅ ဒသမ ၃၂ ဧက၊ မင်းသားတောင် ၁၄ ဒသမ ၈၄ ဧက၊ မှိုင်းချောင်း ၁၁ ဒသမ ၇၀ ဧက၊ ဂုပ္ပီထောင့် ၂၀ ဧက၊ ဇင်္ခါရှည် ၁၀ ဧက၊ တောင်မင်းမင်းကုလား ၁၄ ဧက၊ အခစား ၂၈ ဧက၊ အုတ်ကြွပ် ၁၂ ဧက၊ ကသစ်တော ၁၅ ဧက၊ အပေါက်ဝ ၁၉ ဧက တစ်ခုနှင့် ၆၀ ဒသမ ၂၀ ဧက တစ်ခုတို့ ပါဝင်သည်။

“ ကျွန်တော်အနေနဲ့ ဥပဒေကြောင်းအရ ရသင့်ရထိုက်လူတွေ၊ တကယ် သူတို့ရဲ့ မူလ လယ်ယာတွေ ဆုံးရှုံးနေတာ မှန်ရင် ကျွန်တော်က အတတ်နိုင်ဆုံး ကူညီပေးတယ်။ နောက်ထပ် ဧက ၁၀၀ နီးပါး မရဘဲ ဖြစ်နေတဲ့ လယ်ပိုင်ရှင်တွေလည်း ကျွန်တော်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်” ဟု သူက ပြောဆိုသည်။

အလားတူ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်း သင်းပေါင်းချောင်းအုပ်စုတွင်လည်း စစ်တပ်က သိမ်းဆည်း လယ်မြေများကို ပြန်ပေးထားပြီ ဖြစ်သော်လည်း ၂၀၁၈ အခု မိုးရာသီတွင် လယ်ထွန်ယက်မှုကို မြို့နယ် ထွေအုပ်ရုံးမှ တားမြစ်ထားကြောင်း နိရဉ္စရာမှ သတင်းရရှိသည်။

လယ်သမားအများစုမှာ ၎င်းလယ်များကို မြို့နယ် အာဏာပိုင်များမှ သီးစားစနစ်ဖြင့် ငှားရမ်း လုပ်ကိုင်စားသောက်နေကြရ၍ အထက်ကို တိုင်ကြားပါက သူတို့အား လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းမည်ကို စိုးရိမ်သဖြင့် အထက်ကို မတိုင်ကြားဝံ့ဘဲ ဖြစ်နေကြောင်း ဒေသခံ တစ်ဦးမှ နိရဉ္စရာ သတင်းဌာနသို့ စာရေးသား ပေးပို့သည်။

၎င်း သင်းပေါင်းအုပ်စုမှ လယ်မြေများကို သမ္မတ ဦးသိန်းစိန် လက်ထက်တွင် စစ်တပ်မှ ပြန်ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းလယ်မြေများအတွက် ပြေစာ(ပုံစံ ၇) ကိုလည်း မင်းပြားမြို့နယ် မြေစာရင်းဦးစီးဌာနက လုပ်မပေးကြောင်း၊ သို့အတွက် သက်ဆိုင်ရာ ပြည်နယ် အစိုးရ တာဝန်ရှိသူများမှ စစ်ဆေးသင့်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

အဆိုပါ ရခိုင်ပြည်နယ်မှ ပြန်ပေး လယ်မြေများကိစ္စနှင့်ပတ်သက်ပြီး အစိုးရပိုင်းက တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိသဖြင့် အစိုးရဘက်က သဘောထားကိုတော့ နိရဉ္စရာ သတင်းဌာန အနေဖြင့် တင်ပြနိုင်ခြင်း မရှိပါ။

Narinjara
https://www.facebook.com/Narinjara
စစ်တပ်က ပြန်ပေးမြေ လယ်သမားတွေ ပြန်မရကြ စစ်တပ်က ပြန်ပေးမြေ လယ်သမားတွေ ပြန်မရကြ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.