တောင်ငူမြို့ တည်းခိုခန်း၌ အတူတည်းသည့် မိန်းကလေးကငွေကျပ် ၉၇ သိန်း ခိုးယူသွားမှုဖြစ်ပွား


တောင်ငူ သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ခေတ္တတည်းခိုရန် ရောက်ရှိနေသော ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြည့်တန်ဆာကိစ္စအလို့ငှာ မိန်းကလေးတစ်ဦးကို တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး အတူတည်းခိုရာမှ မိန်းကလေးက ငွေကျပ် ၉၇ သိန်းကို ခိုးယူသွားမှု သြဂုတ် ၁၆ ရက်က ဖြစ်ပွားခဲ့ရာ တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့က သြဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ပူးပေါင်းပါဝင်သူအားလုံးကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ငူမြို့ အမှတ် (၇) ရပ်ကွက် မြန်မာ့အလှတည်းခိုခန်းတွင် တည်းခိုနေသူ အချိုမှုန့်ကုမ္ပဏီအရောင်း စာရေး ကို ---- သည် အခင်းဖြစ်သည့် ည ၁ဝ နာရီခန့်က အတူတည်းခိုသော သူငယ်ချင်းများအားရှာဖွေရန် အမည် မသိသူမောင်းနှင်သည့် ဆိုင်ကယ်ကယ်ရီ ကို ငှားရမ်း၍ လိုက်ရှာစဉ် အဆိုပါ ကယ်ရီသမားက ဖုန်းဖြင့်ဆက်သွယ်၍ မိန်းကလေးတစ်ဦး ခေါ်ပေးခဲ့ကြောင်း၊ အမှတ် (၁၉) ရပ်ကွက်ရှိ တည်းခိုခန်း သို့ရောက်ရှိ တည်းခိုပြီးနောက် မိန်းကလေးက ကို... ယူဆောင်လာသော ငွေကျပ် ၉၇ သိန်း ထည့်ထားသည့်အိတ်ကို ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုအား တောင်ငူမြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဟန်လင်းအောင် ဦးစီးအဖွဲ့က ဆက်လက် စုံစမ်းခဲ့ရာ တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ သော အမျိုးသမီးမှာ တောင်ငူမြို့ အမှတ် (၁၉) ရပ်ကွက်နေ မပိုးပိုးဖြစ်ကြောင်း၊ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူမှာ မိုးဟိန်း(၂၃ နှစ်)၊ အမှတ်(၂) ရပ်ကွက်၊ တောင်ငူမြို့နေသူဖြစ်ကြောင်းသိရှိရ၍ စစ်ဆေးခဲ့ရာ မပိုးပိုးက ခိုးယူလာခဲ့သော ငွေအိတ်ကို အမှတ် (၂) ရပ်ကွက်နေ ကိုထွန်း (၄၃ နှစ်) (ဆိုင်ကယ်ကယ်ရီ မောင်း) ထံပေးအပ်ခဲ့ပြီး ကိုထွန်းက တစ်ရပ်ကွက်တည်းနေ ဆိုင်ကယ်ကယ်ရီ မောင်းသူ မိုးဟိန်းနှင့် အမှတ် (၁ဝ) ရပ်ကွက်နေ အောင်ကျော်မိုးတို့အား ခွဲဝေပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။ ဆက်လက်၍ ကိုထွန်းနှင့် အောင်ကျော်မိုးတို့နှစ်ဦးအား ဖမ်းဆီးရမိ ရေးအတွက် ဆက်လက်စုံစမ်းခဲ့စဉ် သြဂုတ် ၁၈ ရက်နံနက် ၄ နာရီ မိနစ်၂ဝ ခန့်တွင် အမှတ် (၁၉) ရပ်ကွက်၊ ရန်ကုန်-မ္တလေးကားလမ်း ပန်းခြံကွေ့အနီး၌ ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆို ချက်များအရ ကိုထွန်း၏ နေအိမ်အောက် မြေကြီးအတွင်းမြှုပ်နှံထားသည့် ငွေကျပ် ၈၅ သိန်းကိုလည်းကောင်း၊ ကို---ကိုင် ဆောင်သည့် ဖုန်းနှစ်လုံးနှင့် ငွေကျပ် ၅ သိန်းအား နေအိမ်လှေကားအောက် မြေကြီးအတွင်းမှလည်းကောင်း၊ မိုးဟိန်း နေအိမ်ပေါ်ရှိ အဝတ်အစားပုံအတွင်းမှ ငွေကျပ် ၃ သိန်း ၇ သောင်းကျပ်နှင့် အောင်ကျော်မျိုး၏ နေအိမ်အိပ်ခန်း အတွင်းမှ ငွေကျပ် ၃ သိန်း ၃ သောင်း စုစုပေါင်းငွေကျပ် ၉၇ သိန်းနှင့် ဖုန်းနှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့၍ ပြစ်မှု ကျူးလွန်သူလေးဦးအား တောင်ငူမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောင်ငူမြို့ တည်းခိုခန်း၌ အတူတည်းသည့် မိန်းကလေးကငွေကျပ် ၉၇ သိန်း ခိုးယူသွားမှုဖြစ်ပွား တောင်ငူမြို့ တည်းခိုခန်း၌ အတူတည်းသည့် မိန်းကလေးကငွေကျပ် ၉၇ သိန်း ခိုးယူသွားမှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.