ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းကပါခဲ့သူရဲ့ နောက်ဆုံးခရီး

 ကြွေလွင့်သွားပြီ ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသူ မမီးမီး
၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ဒုတာဝန်ခံ မမီးမီး ခေါ် မသင်းသင်းအေးဟာ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီးမှာသူတို့လိုက်ပါလာတဲ့ ယာဉ်တိမ်းမှောက်မူကြောင့် သြဂုတ်လ ၁၃ရက်နေ့ က ကွယ်လွန်သွားပါတယ်။

ကဗျာ ဆရာ အောင်ပွင့် ရဲ့ ဇနီးဖြစ်သူ နာရေး ကို လိုက်ပါပို့ဆောင်ခဲ့ ပြီး အပြန်မှာ မမီးမီး လိုက်ပါလာတဲ့ ကားဟာ ဧရာဝတီ တိုင်း ကျောင်းကုန်း မြို့ အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။

၈၈ အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ် ၊ နိုင်ငံရေး အကျဉ်းသူဟောင်းလည်းဖြစ်တဲ့ မမီးမီး ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၇နှစ် ရှိပါပြီ။

သူ့ဈာပနကို သြဂုတ်လ ၁၇ ရက်နေ့ သောကြာနေ့မှာ ရေဝေးသုဿာန်မှာ ကျင်းပသွားမှာ ဖြစ်ပြီး အသုဘရှု အခမ်းအနားကို နေ့လယ် ၂ နာရီ ကနေ ၄ နာရီ အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ခင်ပွန်းသည် ကိုလှမိုး နဲ့ သမီးတယောက် ၊ သားတယောက် အပြင် မြေးမလေး နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
စစ်အာဏာရှင် လက်ထက် ကုန်ဈေးနှုန်း တိုးမြှင့်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ကွယ်လွန်သူ မမီးမီးရဲ့ အထင်ကရ ဓါတ်ပုံ
မမီးမီး ဟာ ရုက္ခဗေဒ ဂုဏ်ထူးတန်း ဒုတိယနှစ် တက်နေစဉ် ကတည်းက နိုင်ငံရေးမှုတွေနဲ့ ထောင်အကြိမ်ကြိမ် ကျခဲ့ဖူးသူ တယောက် ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်း က စက်သုံးဆီ ဈေးနှုန်း ကျဆင်း ရေး လှုပ်ရှား တောင်းဆိုမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

၈၈ ကျောင်းသူ ဟောင်း မမီးမီးဟာ ဆယ်ကျော်သက် အရွယ် ကတည်း က နိုင်ငံရေး ကို စိတ်ပါဝင်စားခဲ့သူ ဖြစ်ပြီး သူ့ဘဝ တခု လုံး ကို နိုင်ငံရေး ထဲမှာ မြှုပ်နှံခဲ့သူ တယောက် ဖြစ်ပါတယ်။

လက်ရှိ အချိန် အထိလည်း အများပြည်သူ ကို ကူညီပေးဖို့ အတွက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှာ အမျိုးသမီး ဌာန ဒုတိယ တာဝန် ခံ အဖြစ် ပါဝင်ခဲ့ပြီး ကြက်ခြေနီ အဖွဲ့ ထဲမှာလည်း ပါဝင် လှုပ်ရှား ဆောင်ရွက် လျက် ရှိပါတယ်။

အခုလို ဒီမိုကရေစီ အရေးမှာ ရှေ့တန်းက ပါဝင်ခဲ့သူတယောက် ဆုံးရှုံးရတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အထူး ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းကပါခဲ့သူရဲ့ နောက်ဆုံးခရီး ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းကပါခဲ့သူရဲ့ နောက်ဆုံးခရီး Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.