ကမ်းနီးငါးခိုးဖမ်းနေမှုကို တားဆီးရန် ရခိုင်ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

(ဓာတ်ပုံ-ဆံတော်ရှင်ဘုရားတည်ရှိရာ အနောက်ဖရုံဂါကျွန်းအနီး တွေ့ရှိရသည့် ကမ်းဝေး ငါးဖမ်းသေင်္ဘာတစ်စီး)
နိရဉ္စရာ၊ သြဂုတ် ၂၁

ကမ်းဝေးငါးဖမ်းလှေများက ရခိုင်ပြည်နယ် ကမ်းနီးရေပြင်တွင် တရားမ၀င် ငါးခိုးဖမ်းနေမှုများ ရှိနေ၍ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သည့် အစီအမံများကို ချမှတ်ဆောင်ရွက်ရန် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားလိုက်သည်။

ကမ်းဝေး ငါးဖမ်းသင်္ဘောများအနေဖြင့် ကမ်းနီးတွင် တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများရှိနေသဖြင့် ဒေသခံ ရေလုပ်သားများ နစ်နာမှုများရှိနေ၍ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် စတင် ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက ယင်းသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒီကမ်းဝေး ခိုးဖမ်းလှေနဲ့ ပတ်သက်လို့ကတော့ ဒါတကယ့် ကျွန်တော်တို့ရဲ့ ရေပြင်မှာ တကယ့် ဖြစ်နေတဲ့ ကိစ္စပါ။ ဒီကိစ္စကို တပ်မတော်ရေဘက်က လက်မလုံ၊ ခြေမလုံဖြစ်တဲ့အတွက် တကယ့် ထိထိရောက်ရောက် မလုပ်ကိုင်နိုင်တာလည်း ပါပါတယ်။ ဒီလိုမျိုး ဟာကွက်တွေ မဖြစ်စေဖို့ အတွက် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအမံတွေကို ချမှတ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုပါတယ်”ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

ကမ်းဝေးဆွဲပိုက် ရေယာဉ်ကြီးများသည် ပေါက်တောမြို့နယ် ကမ်းခြေနှင့် နီးကပ်စွာ တရားမ၀င် ငါးဖမ်းဆီးနေ၍ ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပျက်စီးခြင်း၊ ဒေသခံ ကမ်းနီး ရေလုပ်သားများအတွက် ငါးဖမ်းဆီး၍ မရရှိတော့သည့် အခြေအနေ ဖြစ်ပေါ်နေသည့်အတွက် ဟန့်တားပေးရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား တိုင်ကြားထားသည့်စာနှင့်ပတ်သက်၍ ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး၏ မေးခွန်းမေးမြန်းခဲ့သည်။

ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်း ကမ်းဝေးဆွဲပိုက် ရေယာဉ်ကြီးများ ကမ်းအနီးသို့ ၀င်ရောက်ကာ ငါးခိုးဖမ်းမှုကြောင့် ဒေသခံရေလုပ်သားများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နေ၍ ထိုကိစ္စကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဖြေရှင်းပေးရန် ၂၀၁၇ သြဂုတ်လ ၂၀ ရက်နေ့က ပေါက်တောမြို့နယ် သဲခုံကျေးရွာမှ ရေလုပ်သား ၄၅ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ကြားသည့် မိတ္တူစာကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးအောင်ကျော်ထွီးက လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ လှေကြီးတွေမှာ လိုက်တဲ့ လုပ်သားတွေကို စုံစမ်းမေးမြန်း ကြည့်ဖူးပါတယ်။ သူတို့ပြောတာက အဲ့ဒီပိုက်တွေနဲ့ ဆွဲလိုက်တော့ ကမ်းတွေမှာရှိတဲ့ ခရုကောင်တွေ ပါပါတယ်။ ရေညှိတွေကအစ ကျောက်ပန်းခက်တွေပါ ပါလာတာတွေ ရှိပါတယ်။ ဒီတော့ ပင်လယ်အောက် ကြမ်းပြင်တွေ ပျက်စီးသွားတယ်။ ပြီးတော့ ငါးသယံဇာတတွေ သေးသေးလေးတွေပါ ပါလာပြီးတော့ သူတို့ မလိုတဲ့ ငါးတွေကို ပင်လယ်ထဲကို စွန့်ပစ်တဲ့ဟာတွေ ရှိနေပါတယ်”ဟု ဦးအောင်ကျော်ထွီးက ထောက်ပြပြောဆိုသွားခဲ့သည်။

ဦးအောင်ကျော်ထွီး၏ မျက်မြင်အရ ကမ်းခြေနှင့် ပေ ၃၀၀ အကွာထိ အဆိုပါ ကမ်းဝေး ဆွဲပိုက်များဖြင့် တရားမ၀င် ငါးခိုးဖမ်းမှုများ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ပြောဆိုသည်။

“ဒီလိုကြုံတွေ့နေရတာဟာ အခုမှ မဟုတ်ပါဘူး။ ကြုံတွေ့လာရတာ နှစ်ရှည်လများ ကြာမြင့်နေပါပြီ”ဟု ၄င်းက ပြောသည်။

ယင်းအပြင် ပေါက်တောမြို့နယ် အနောက်ရဲ ဘင်္ဂလီဒုက္ခသည်စခန်းမှ လိုင်စင်မရှိသည့် ငါးဖမ်းဘုတ်များဖြင့် နယ်မြေကျူးကျော်ပြီး ဖဒူမြစ်နှင့် ဟင်တာပင်လယ်ဘက်သို့ ကျူးကျော် ၀င်ရောက်ပြီး အုပ်စုလိုက် ငါးခိုးဖမ်းမှုများရှိနေသည့်အတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင် စားသောက် နေကြသည့် ဒေသခံ တိုင်းရင်းသား ရေလုပ်သားများ အနေဖြင့် ငါးဖမ်းဆီးမရမှုအပြင် လုံခြုံရေး အတွက် စိုးရိမ်နေကြသည်ဟု ဆိုသည်။

“အခုလို ဒေသခံတွေ တင်ပြထားတဲ့အပေါ် ထိရောက်စွာ အရေးယူ တားဆီးမှုမျိုး အခုအချိန်ထိ ကျနော်တို့ တစ်စုံတစ်ရာ ထိထိရောက်ရောက် လုပ်နိုင်မှုကို မတွေ့ရှိရသေးပါဘူး။ ဒါကြောင့်မို့ သဲခုံကျေးရွာနေ ရေလုပ်သား ၄၅ ဦး ရဲ့ လက်မှတ်ရေးထိုး တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်အနေနဲ့ မည်သို့ ဆောင်ရွက်မယ်ကို သိရှိလိုပါတယ်”ဟု ဦးအောင်ကျော်ထွီးက မေးမြန်းခဲ့သည်။

ပင်လယ်ပြင်လုံခြုံရေးနှင့် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးသို့ လာရောက် ငါးခိုးဖမ်းမှု မရှိစေရန် ပြည်ထောင်စု အစိုးရက တပ်မတော်ရေနှင့် တပ်မတော်ကြည်းကို တာဝန်ပေးအပ်ထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်လွင်က ဖြေကြားသွားသည်။

ဝန်ကြီးဦးကျော်လွင်က “တပ်မတော်ရေနဲ့ တပ်မတော်ကြည်းအပြင် ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့လည်း ကျွန်တော်တို့ ဒေသခံ ရေလုပ်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းပြီးတော့ ကင်းလှည့်ခြင်း၊ စစ်ဆေးတားဆီး အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ကျနော်တို့ ပြည်နယ် အစိုးရအနေနဲ့ကလည်း တရားမ၀င် လိုင်စင်မဲ့ ဖမ်းဆီးတဲ့ ငါးဖမ်းစက်လှေများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ လိုအပ်ရင်လိုအပ်သလို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဖြေကြားသွားသည်။

ယင်းသို့ ဖြေကြားမှုအပေါ် ဦးအောင်ကျော်ထွီးက “၀န်ကြီးပြောသွားတဲ့ဟာတွေက တော်တော် ကောင်းပါတယ်။ ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်နဲ့အညီ တပ်မတော်ရေ အပါအ၀င် အခြား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တရားမ၀င်လုပ်နေတဲ့ ကမ်းဝေးရေယာဉ်ကြီးများကို တားဆီးတာတို့ ဘာတို့ဆိုတာကတော့ လက်တွေ့မှာ ကျတော့ ဒါစာမှာပဲရှိပါတယ်။ ဒါညွှန်ကြားစာမှာပဲ ရှိတယ်လို့ ကျွန်တော်တို့ ပြောရမှာပါ။ အဲ့ဒီလို ဖမ်းနေရင် ဘာလို့ အဲ့ဒီဒေသခံငါးဖမ်းလှေတွေရဲ့ မျှောပိုက်တွေ ကို ဘာကြောင့် နင်းပြီးတော့ သွားနေရတာလဲ”ဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ယင်းကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကမ်းဝေးငါးလှေများ ကမ်းနီးတွင် ငါးခိုး ဖမ်းနေမှုကို ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သည့် အစီအမံများကို ချမှတ် ဆောင်ရွက်ရန် တိုက်တွန်း ပြောဆိုသွားခြင်းဖြစ်သည်။

အဆိုပါ ကမ်းဝေးငါးဖမ်းလှေကြီး အားလုံးနီးပါးသည် အခြားတိုင်းနှင့် ပြည်နယ်တို့မှ ရခိုင်ပြည်နယ် ရေပိုင်နက် နယ်နိမိတ်သို့ ၀င်ရောက်ငါးဖမ်းနေခြင်းဖြစ်သည်ဟုလည်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ကမ်းနီးငါးခိုးဖမ်းနေမှုကို တားဆီးရန် ရခိုင်ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း ကမ်းနီးငါးခိုးဖမ်းနေမှုကို တားဆီးရန် ရခိုင်ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.