ဒေါက်တာအေးမောင်အား ၀ိုင်းရံသူ ဦးအောင်သန်းဝေကို နောက်ထပ် ပုဒ်မ တစ်ခုထပ်တိုးပြီး တရားစွဲ


နိရဉ္စရာ၊ သြဂုတ် ၁၀

ဒေါက်တာ အေးမောင်အား ဖမ်းဆီးထားခြင်းကိုသော်လည်းကောင်း၊ မြောက်ဦး ဖြစ်စဉ်တွင် လူ ခုနှစ်ဦး သေဆုံးခဲ့ရမှုကိုသော်လည်းကောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆို၍ ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေကို နောက်ထပ် ပုဒ်မ တစ်ခုတိုးကာ တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။

ဦးအောင်သန်းဝေအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ (၁၀) ဖြင့် တရားစွဲခံထားပြီး ယခု တစ်ခါ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ (၅၀၆) ဖြင့် ပုဒ်မ တစ်ခု ထပ်မံတိုးကာ စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“နောက်ထပ်တိုးလိုက်တဲ့ အမှုတစ်ခုကတော့ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှုကို အရင်အမှု အတွက် တရားလိုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး ဦးမျိုးမင်းအောင်ကပဲ တရားရုံးကို ဦးတိုက်လျှောက်တယ်။ အဲ့ဒီအမှုကို တရားသူကြီးက ဒီနေ့ လက်ခံလိုက်တယ် ခင်ဗျ”ဟု သြဂုတ် ၁၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်လာစဉ် ဦးအောင်သန်းဝေ က သတင်းထောက်များသို့ ပြောကြားသည်။

ဇွန်လ ၂၁ ရက်နေ့ ဦးအောင်သန်းဝေကို ဖမ်းဆီးသည့်အချိန်က စစ်တွေမြို့မရဲစခန်းတွင် စခန်းမှူးက အမှု ၃ ခုဖြင့် အမှုဖွင့်ရန် စီစဉ်ခဲ့သော်လည်း ဥပဒေအကြံပြုချက်တင်ရာတွင် ဥပဒေပုဒ်မ ၂ ခုကို ပယ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ (၁၀) ဖြင့် စွဲဆိုခဲ့သည်။

ယခုအခါ ဦးအောင်သန်းဝေ အမူ နှစ်ခုဖြင့် တရားစွဲဆိုလိုက်သဖြင့် ပုဒ်မ (၁၀)၊ပုဒ်မ (၅၀၆) တို့ဖြင့် အမူ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

“ ဒီလို အမှုတစ်ခု ထပ်တိုးလိုက်တာဟာ ပြည်သူတစ်ဦးကို သူ့ရဲ့ရပိုင်ခွင့်တွက် မဟုတ်ဘဲ မလိုအပ်ဘဲ ချုပ်နှောင်ဖို့အတွက်ကို တမင်တကာ ကြံစည်ပြီးမှ အချိန်ဆွဲဖို့အတွက် ဖမ်းဆီး ချုပ်နှောင်တယ်လို့ ကျွန်တော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ အမှုနှစ်ခု တပ်လိုက်တယ် ဆိုရင် အမှုတစ်ခုထဲမှာ ပါတဲ့သက်သေတွေကို အကုန်စစ်လိုက်မယ်။ အမှားအမှန်ကို အဖြေထုတ်လို့ ရမယ်။ အခုက အမှုတစ်ခု စစ်လို့ မပြီးသေးဘူး၊ ရက်ပေါင်း ၅၀ ကြာပြီးမှ နောက်အမှုတစ်ခုကို ဦးတိုက်လျှောက်လာတယ်”ဟု ၄င်းက ပြောသည်။

ဦးအောင်သန်းဝေအား နောက်ထပ်လည်း ၆၆ (ဃ) ဖြင့် ထပ်မံတရားစွဲဆို လာနိုင်သေးသည်ဟု သူက သုံးသပ်ပြောကြားသွားသည်။

သြဂုတ် ၁၀ ရက်နေ့က ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံးသို့ ရုံုးထုတ်လာစဉ် နိုင်ငံတော် သမ္မတကြီးအနေဖြင့် မြောက်ဦးဖြစ်စဉ်တွင် ဥပဒေကို ချိုးဖောက်ခဲ့သူများကို ဖော်ထုတ်အရေးယူပေးစေချင်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဦးအောင်သန်းဝေ၏ နောက်တစ်ကြိမ် ရုံးချိန်းကို သြဂုတ်လ ၁၇ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ဒေါက်တာအေးမောင်အား ၀ိုင်းရံသူ ဦးအောင်သန်းဝေကို နောက်ထပ် ပုဒ်မ တစ်ခုထပ်တိုးပြီး တရားစွဲ ဒေါက်တာအေးမောင်အား ၀ိုင်းရံသူ ဦးအောင်သန်းဝေကို နောက်ထပ် ပုဒ်မ တစ်ခုထပ်တိုးပြီး တရားစွဲ Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.