တရားမဝင်သစ်စက်ကို ဓာတ်ပုံရိုက်သည့်ကိစ္စ မကျေနပ်ရာက လူသတ်မှုဖြစ်ပွားခဲ့


အင်းတော် ၂၃ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် တရားမဝင်သစ်စက်ကို ဓာတ်ပုံရိုက်သည့်ကိစ္စအား မကျေနပ်ရာက လူသတ်မှုအထိ ဖြစ်ပွားခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှ သိရသည်။

အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာနေ ဦးစက်ရုံး (၅၀)နှစ်နှင့် အောင်ဇေယျရပ်ကွက်နေ စိုးနိုင်(၃၇)နှစ်တို့ (၂)ဦးသည် ဩဂုတ် ၂၁ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က အင်းတော်မြို့နယ် သောင်ကြီးကျေးရွာ မြောက်ဘက် ၂ မိုင်ခန့်အကွာ တောထဲရှိ သောင်ကြီးကျေးရွာနေ ဦးဝင်းအောင် (၅၀)နှစ်ပိုင် တရားမဝင်သစ်စက်အား ဓာတ်ပုံရိုက်ပြီး အပြန် ၁ ဖာလုံခန့် အရောက်တွင် ဦးဝင်းအောင်ပါ အမျိုးသား ၅ ဦးတို့မှ ဓာတ်ပုံရိုက်သည့် ကိစ္စအား မကျေနပ်၍ တုတ်/ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်/ထိုးခုတ်သဖြင့် စိုးနိုင်မှာ သေဆုံးခဲ့ပြီး ဦးစက်ရုံးတွင် နဖူး ပြတ်ရှ၊ ဝဲတံတောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။


စစ်ဆေးချက်များအရ အင်းတော်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သက်တင်ဦး ဦးစီးအဖွဲ့သည် သောင်ကြီးကျေး ရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ တောအတွင်း၌ မြေမြုပ်ထားသည့် စိုးနိုင်၏ အလောင်းအား ဦးခေါင်းပြတ်၊ ခြေ/လက်များ ညိုမဲဒဏ်ရာများဖြင့် တူးဖော်တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးရာ သောင်ကြီးကျေးရွာနေ ဝင်းကို (၁၈)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (မလိုင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
တရားမဝင်သစ်စက်ကို ဓာတ်ပုံရိုက်သည့်ကိစ္စ မကျေနပ်ရာက လူသတ်မှုဖြစ်ပွားခဲ့ တရားမဝင်သစ်စက်ကို ဓာတ်ပုံရိုက်သည့်ကိစ္စ မကျေနပ်ရာက လူသတ်မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.