![]() |
ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင် Tendai Biti |
ဇင်ဘာဘွေ အတိုက်အခံ ခေါင်းဆောင် Tendai Biti ကို လူထုကြား အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်မှု၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျင်းပတဲ့ အငြင်းပွါးဖွယ် ရွေးကောက်ပွဲရလဒ်ကို တရားမဝင် ကြေညာမှုတွေနဲ့ ကြာသပတေးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
ဇင်ဘာဘွေ မြို့တော် Harare က တရားရုံးကို ရောက်လာတဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်တဲ့ အတိုက်အခံခေါင်းဆောင်က ဆက်ပြီးတိုက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
သူဟာ အိမ်နီးချင်း ဇမ်ဘီယာနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေက လက်မခံပဲ နေရပ်ရင်း ဇင်ဘာဘွေကို ပြန်ပို့တာ ခံခဲ့ရတာပါ။
Biti ကို နေရပ်ရင်း ပြန်ပို့ရေးအတွက် တရားရုံးက တားမြစ်မိန့်ထုတ်ထားတာကို လျှစ်လျူရှုပြီး သူ့ကို ဇင်ဘာဘွေ ရဲတွေလက်ထဲ ကြာသပတေးနေ့က ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ သူ့ရှေ့နေ Gilbert Phiri ကပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အဖွဲ့ကထုတ်ပြန်တဲ ကြေညာချက်မှာတော့ Biti ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ ဇန်ဘီယာအစိုးရက ငြင်းပယ်ခဲ့တာအတွက် အထူးစိုးရိမ်ကြောင်းနဲ့ သူ့ကို နေရပ်ရင်း ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် သမ္မတ ရွေးကောက်ပွဲဟာ Emmerson Mnangagwa အနိုင်ရအောင် အစီစဉ်ချထားတဲ့ ရွေးကောက်ပွဲ အဖြစ် ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု အဖွဲ့ MDC က ကြေညာခဲ့တာ ဖြစ်ပြီး Biti ဟာ MDC မဟာမိတ်အဖွဲ့ဝင် ၉ ယောက်ထဲက တယောက် ဖြစ်ပါတယ်။ သူ့ကို ရွေးကောက်ပွဲနောက်ပိုင်း လူထုအုံကြွမှု ဖြစ်အောင် လှုံ့ဆော်မှုနဲ့ ဇင်ဘာဘွေ ရဲတွေက အလိုရှိနေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင်ကို ဆူပူအောင်လှုံ့ ဆော်မှုနဲ့ တရားစွဲ
Reviewed by THITHTOOLWIN
on
12:09
Rating:
