မလေးရှားဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရအပေါ် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြား လိုက်ပါတယ်။
“မြန်မာအစိုးရရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ ရွံရှာဖွယ်ကောင်းပါတယ်။ အဲဒီလို လုပ်ရပ်တွေဟာ ယဉ်ကျေးတဲ့ နိုင်ငံတွေရဲ့ အပြုအမူတွေ မဟုတ်ပါဘူးလို့” ဝန်ကြီးချုပ်မဟာသီယာက အေပီသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖြစ်ရပ်တွေကို မတားဆီးနိုင်ခဲ့တဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စိတ်ပျက်မိကြောင်း မဟာသီယာက ပြောပါတယ်။
ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံက လက်ခံမလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သူက အာမခံချက် မပေးပါဘူး။ မလေးရှားမှာ တရားမဝင်ရော တရားဝင်ရော နေထိုင်ကြတဲ့ နိုင်ငံခြားသား ၇သန်း ရှိနေတဲ့အတွက် သိပ်များနေပြီလို့သာ ဖြေကြားပါတယ်။
တချိန်တည်းမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းပေါ်မှာ နေထိုင်နေကြတဲ့ လူဦးရေ ခြောက်ထောင်လောက်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို မြန်မာအစိုးရက တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတရပ်မှာ ဖော်ပြလိုက်ပါတယ်။
သူတို့တွေအတွက် အကူအညီပေးတာကို မြန်မာနိုင်ငံဖက်ခြမ်းကသာ တာဝန်ယူမှာ ဖြစ်တယ်လို့လည်း နှစ်နိုင်ငံ သဘောတူညီချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အာလီ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိစဉ် နေပြည်တော်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ကြတာပါ။ အဲဒီစာချုပ်မှာ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက တာဝန်ယူမယ်လို့ ဖော်ပြထားသလို တဘက်နိုင်ငံကို ထွက်ပြေးသွားကြသူတွေအားလုံး ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်မှာ ပါရှိပါတယ်။
မြန်မနိုင်ငံဘက်ခြမ်းက ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ဒုက္ခသည်စခန်းတွေကနေ ပြန်လာတာ မရှိသေးပါဘူး။ နယ်စပ်မျဉ်းပေါ်မှာ နေထိုင်နေကြတဲ့ အဲဒီဒုက္ခသည်တွေဟာ လအတော်ကြာ နေထိုင်နေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သွားဖို့ ငြင်းဆန်နေကြသူတွေ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
မလေးရှားဝန်ကြီးချုပ် မြန်မာအစိုးရကိုဝေဖန်
Reviewed by THITHTOOLWIN
on
18:28
Rating:
