ဒုက္ခသည် တားဆီးရေးသမား သြစတြေးလျ ဝန်ကြီးချုပ်ဖြစ်

မယ်လကွမ်တန်ဘူးလ်ရဲ့ နေရာမှာ စကော့မော်ရစ်ဆင် ဝန်ကြီးချုပ်သစ် ဖြစ်လာ
သြစတြေးလျ ပါလီမန်ထဲမှာ ဝန်ကြီးချုပ်ဟောင်း မယ်လကွမ် တန်ဘူးလ် ကို ထောက်ခံမှု လျော့နည်းလာပြီး နောက် ပါတီတွင်း ခေါင်းဆောင်ရွေးပွဲမှာ အနိုင်ရတဲ့ စကော့မော်ရစ်ဆင်က ဝန်ကြီးချုပ်သစ် ဖြစ်လာပါတယ်။

ဝန်ကြီးချုပ်ဟောင်း မယ်လကွမ် တန်ဘူးလ် ကတော့ ၁၀ စုနှစ်အတွင်း ပါတီက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖြုတ်ချတာ ခံခဲ့ရတဲ့ ၄ ယောက်မြောက် သြစတြေးလျ ခေါင်းဆောင် ဖြစ်သွားပါတယ်။

ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်က မစ္စတာတန်ဘူးလ်ရဲ့ မဟာမိတ်ဖြစ်ပြီး ပါတီတွင်း မဲခွဲ ခေါင်းဆောင် ရွေးကောက်ပွဲမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာ ဒတ်တန်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ပ် တို့ကို အနိုင်ရ ခဲ့တာဖြစ်ပါတယ်။

မယ်လကွမ်တန်ဘူးလ်ကို ကျယ်ကျယ် လောင်လောင် ဝေဖန် တိုက်ခိုက်ခဲ့သူ ပီတာဒတ်တန်က မဲပေါင်း ၄ဝ ရပြီး စကော့ မော်ရစ်ဆင်က ၄၅ မဲ ရခဲ့ပါတယ်။

သြဂုတ်လ ၂၄ ရက်က ခေါင်းဆောင်အဖြစ် အရွေးခံပြီးနောက် ဝန်ကြီးချုပ်သစ် ဖြစ်လာပြီး နာရီပိုင်းအကြာမှာ ကင်ဘာရာ မြို့တော်က အစိုးရ အိမ်တော်မှာ စကော့မော်ရစ်ဆင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပါတယ်။

သြစတြေးလျလို နိုင်ငံကြီးရဲ့ ခေါင်းဆောင် ဖြစ်ရတာ ကြီးမားလှတဲ့ အခွင့်အလမ်းကြီးအဖြစ် သူက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ဆိုင်ရာ တာဝန်ခံ တစ်ယောက်ဖြစ်ခဲ့သူ မစ္စတာ မော်ရစ်ဆင်ဟာ ၂၀၀၇ ခုနှစ်က လွှတ်တော်ထဲကို စတင် ဝင်ရောက်လာခဲ့ပါတယ်။

တိုနီအက်ဘော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ အချိန်မှာတော့ မစ္စတာ မော်ရစ်ဆင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဖြစ်လာခဲ့ပြီး လှေစီးပြေး ဒုက္ခသည်တွေကို တားဆီးရေးနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်သူ အဖြစ် နာမည် ရလာခဲ့ပါတယ်။

အခု ပါတီခေါင်းဆောင် ဖြစ်လာပြီ ဆိုတော့ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေး ပြန်ထူထောင်မယ်လို့ မစ္စတာ မော်ရစ်ဆင် က ပြောပါတယ်။
မယ်လကွမ်တန်ဘူးလ် ဟာ ဆယ်စုနှစ်အတွင်း သူ့ပါတီက ဖြုတ်ချ ခံရတဲ့ ၄ ယောက်မြောက် ဝန်ကြီးချုပ်ဟောင်း ဖြစ်လာ
    မစ္စတာ တန်ဘူးလ် ဘာကြောင့် ဝန်ကြီးချုပ်ရာထူးကဆင်းပေးရသလဲ

အစိုးရကို ဖြုတ်ချဖို့ မလုပ်နိုင်ရင်တောင် ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ဖို့ လူအတော်များများကြ ကြိုးပမ်းခဲ့ကြတယ်လို့ မစ္စတာ တန်ဘူးလ်က ပြောပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သဘောထား စစ်တမ်း ကောက်ယူမှုတွေအရ အစိုးရကို လူထု ယုံကြည်မှု ကျဆင်းလာတာ၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်တာတွေရှိခဲ့လို့ လွှတ်တော် အမတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ စွမ်းအင်မူဝါဒ အငြင်းပွားမှုကြောင့် အလယ်အလတ် သဘောထားရှိတဲ့ မစ္စတာ တန်ဘူးလ်နဲ့ သူ့ပါတီတွင်းက ရှေးရိုးစွဲ အုပ်စုတွေကြား ကာလကြာရှည်ရှိခဲ့တဲ့ တင်းမာမှု တွေကို ပြန်စ ပေးသလိုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ရှေးရိုးစွဲ ပီတာဒတ်တန်က ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ ပေမယ့် မစ္စတာ တန်ဘူးလ် သီသီလေး ကပ်နိုင်ခဲ့ ပါတယ်။

လွှတ်တော် အမတ်တွေက မစ္စတာ တန်ဘူးလ် ကို ပါတီ ခေါင်းဆောင် နေရာကနေ ဖယ်ပေးဖို့ တောင်းဆိုခဲ့ကြရာမှာ သူက ရာထူးက ဆင်းပေးဖို့ သဘောတူလိုက်ပါတယ်။

သူ့အပေါ် ပါတီတွင်းမှာ အဓိကကျပြီး အရေးပါသူတွေရဲ့ ထောက်ခံမှု နည်းပါး လာချိန်မှာပဲ စကော့မော်ရစ်ဆင်က ခေါင်းဆောင် ယှဉ်ပြိုင်မှုမှာ ပါဝင်လာခဲ့ပါတယ်။

အခု လက်ရှိ အခြေအနေမှာ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ရဲ့ ပါတီက လွှတ်တော်မှာ တစ်မဲထဲ အသာရတဲ့ အနေအထား ဖြစ်သွားလို့ ရွေးကောက်ပွဲ အသစ် ခေါ်ဖို့ တောင်းဆိုတာတွေ ရှိလာနိုင်ပါတယ်။

ဒါပေမဲ့ ပူပူနွေးနွေး ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ စကော့မော်ရစ်ဆင်က မကြာခင် ရွေးကောက်ပွဲလုပ်မယ့် အစီအစဉ် တော့ မရှိဘူးလို့ ကျမ်းသစ္စာ ကျိန်ဆိုအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဒုက္ခသည် တားဆီးရေးသမား သြစတြေးလျ ဝန်ကြီးချုပ်ဖြစ် ဒုက္ခသည် တားဆီးရေးသမား သြစတြေးလျ ဝန်ကြီးချုပ်ဖြစ် Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.