အုတ်ဖိုဆေးရုံအတွင်းသို့ ရေဝင်လာခြင်းကြောင့် လူနာများအား အဆောင်သစ်သို့ရွှေ့ပြောင်းထားရ


ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အုတ်ဖိုပြည်သူ့ဆေးရုံအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ဆေးရုံတက်နေသော လူနာများအား ရေဘေး လွတ်ရာ အဆောင်သစ်သို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။
အုတ်ဖိုပြည်သူ့ဆေးရုံ၌ သြဂုတ်၂၉ ရက်တွင် အတွင်းလူနာ ၁၁၆ ဦးရှိကာ အခြေအနေကောင်းမွန်သက်သာ သော လူနာ ၆၉ ဦးကို ဆေးရုံဆင်းပေးပြီး ကျန်လူနာ ၄၇ ဦးကို သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် ရွှေ့ပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

 “ဒီဖက်က ကုတင်တွေနဲ့ ရေတွေနဲ့ဆိုတော့ အဆင်မပြေတော့ဘူး။ အဆင်မပြေတော့ ဟိုဖက်ကိုရွှေ့ထားလိုက်ရ တယ်ပေါ့။ အရေးပေါ်ခွဲခန်းကလည်းရှိသေးတာကိုး။ အရေးပေါ်ခွဲလူနာ၊ မွေးတဲ့လူနာ(၂)ယောက်လည်း မနေ့က (၆)နာရီခွဲမတိုင်ခင်လေးတင်ပဲပြီးသွားတယ်။ သူတို့တော့မီသွားတယ်။ အခက်အခဲက သန့်ရှင်းရေးရှိမယ်။ နောက်ပြီး ရေအဆင်မပြေသေးဘူး။ ရေစက်ရှိတဲ့နေရာတွေကလည်း ရေဝင်သွားတယ်ဆိုတော့ ရေမရတော့ အိမ်သာကိစ္စလည်း သိပ်အဆင်မပြေဘူးပေါ့။ မီးကတော့ အဆင်ပြေတယ်”ဟု အုတ်ဖိုပြည်သူ့ဆေးရုံမှ တာဝန် ကျ ဒေါက်တာ အေးမြတ်မြတ်ကျော်က ပြောသည်။


လူနာရွှေ့ပြောင်းမှုများကို ပြည်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“မနေ့ညနေပိုင်းကနေ ရေက တဖြည်းဖြည်းတက်တက်လာတာ၊ ညတစ်ချက်တီးလောက်ကျတော့ တော်တော် ထိုးတက်လာတယ်။ လူနာလိုင်းခန်းတွေရော၊ အဆောင်တွေရော၊ ခွဲခန်းတွေရော အကုန်ဝင်လာတာ။ အခုတော့ နည်းနည်းလျော့သွားတော့ သန့်ရှင်းရေးတွေပတ်လုပ်ရတာပေါ့”ဟု ဆေးရုံအထွေထွေလုပ်သား နော်မူဖောက ပြောသည်။သြဂုတ်လ ၂၉ ရက်ကလည်း အုတ်ဖိုမြို့မရဲစခန်း ရေဝင်မှုကြောင့် အချုပ်သား ၁၇ ယောက်ကို နယ်မြေရဲစခန်း အချုပ်သို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်တွင် အုတ်ဖိုမြို့နယ်အတွင်း မိုးရေချိန် ၅.၂၅ လက်မအထိရွာသွန်းခဲ့ပြီး မြို့နယ်တွင်းရှိ ရန်ကုန် -ပြည် ကားလမ်းပေါ်ရေကျော်ခြင်း၊ မြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာပေါင်း ၃၂ ခု ရေကြီးရေလျှံကာ စာသင် ကျောင်း ၂၅ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/

အုတ်ဖိုဆေးရုံအတွင်းသို့ ရေဝင်လာခြင်းကြောင့် လူနာများအား အဆောင်သစ်သို့ရွှေ့ပြောင်းထားရ အုတ်ဖိုဆေးရုံအတွင်းသို့ ရေဝင်လာခြင်းကြောင့် လူနာများအား အဆောင်သစ်သို့ရွှေ့ပြောင်းထားရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.