![]() |
-စည်းမဲ့ကမ်းမဲ့ ကားတိုက်မှုတွေ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေတဲ့ ကျောင်းသူလေးများ။ Photo: AFP |
ယာဉ်စည်းကမ်းကို ထိထိရောက်ရောက် မပြဌာန်း မကိုင်တွယ်မှုနဲ့ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ကြီး ရှာဂျဟန်ခန် Shajahan Khan ရဲ့ ပေါ့ပေါ့ဆဆ မှတ်ချက်ချမှုကြောင့် ခုလိုဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဝန်ကြီးခန်က ‘ဒါကာက ကျောင်းသားလေးနှစ်ယောက် သေတာကို ဘာကြောင့် ဒီလောက် ဆူဆူညံညံ ဖြစ်နေကြတာလဲ၊ အိန္ဒိယမှာ ဘတ်စ်ကားမှောက်လို့ လူ ၃၃ ယောက် သေတာတောင် ဘာမှမပြောကြဘူး’ လို့ ပြောခဲ့တာပါ။
နောက်ပိုင်းမှာ ဝန်ကြီးက သူအဲဒီလို ပြောခဲ့တဲ့အတွက် တောင်းပန်ခဲ့ပေမဲ့ လူမှုကွန်ရက်တွေမှာ အဲဒီဝန်ကြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ ဆန္ဒပြပွဲတွေဟာ မြို့တော် ဒါကာကတဆင့် ဆက်ပြီးပြန့်ပွားနေသလို ကားတွေကို ဖျက်ဆီးတာ၊ တချို့နေရာတွေမှာ ရဲတွေနဲ့ ပဋိပက္ခဖြစ်တာတွေ ဖြစ်ပေါ်လာတဲ့အတွက် အာဏာပိုင်တွေက ဆန္ဒပြတာတွေကို ရပ်ဖို့ တောင်းဆိုထားပါတယ်။
မငြိမ်သက်မှုတွေကို တားဆီးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ပညာရေးဝန်ကြီးက သြဂုတ်လ ၂ ရက်နေ့မှာ အထက်တန်းကျောင်းတွေကို ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေရဲ့ဒေါသကတော့ မပြေပျောက်သေးဘဲ ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး အာဆက်ဒဇက်မန်ခန် Asaduzzaman Khan ကတော့ အစိုးရအနေနဲ့ ပြည်သူတွေအတွက် သွားလာရေး အန္တရာယ်ကင်းစေမယ့် လှုပ်ရှားမှုတွေ ဆောင်ရွက်ပေးဖို့ ဂတိပေးလိုက်ပြီး ကျောင်းသားတွေကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသား ဆန္ဒပြပွဲကြောင့် အထက်တန်းကျောင်းများပိတ်
Reviewed by THITHTOOLWIN
on
20:57
Rating:
