မိုးကုတ်မြို့တွင် အလုပ်အကိုင် ရှားပါးလာသဖြင့် ရန်ကုန် ၊ မန္တလေးမြို့များဆီသို့ ပြောင်းရွေ့သူ ပိုများလာ


မိုးကုတ် ၉ သြဂုတ်

မိုးကုတ်မြို့တွင် အလုပ်အကိုင် ရှားပါးလာမှုကြောင့် ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများသော ဒေသများဆီသို့ ပြောင်းရွေ့သူ ပိုများလာကြောင်း သိရသည်။

မိုးကုတ်ဒေသတွင် ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ မြ၊ ဂေါ်မိတ်၊ စလင်း စသည့် ကျောက်မျက်ရတနာ သုံးဆယ့် ငါးမျိုးခန့် ထွက်ရှိပြီး ၎င်းကျောက်မျက်ရတနာများကြောင့် ၁၉၉၀ ပြည့်နှစ် မတိုင်မီအထိ မိုးကုတ် မြို့ခံများမှာ ချမ်းသာဖွံ့ဖြိုးသူများ ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင်မူ ပုဂ္ဂလိကကုမ္ပဏီများ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်လာကြ၍ ဒေသခံများ အခက်ကြုံခဲ့ရသည်။

“အခုဆိုမြို့မှာ လူအရမ်းနည်းလာတယ်။ ဒီကအိမ်တွေကို လိုက်ကြည့်ရင် သိသာတယ်။ အိမ်ဆယ်လုံး လောက်မှာ ခြောက်လုံးလောက်က သော့ခတ်ထားတဲ့ အိမ်တွေများလာတယ်။ ဘာလို့လဲဆိုတော့ ဒီမှာဆိုရင် အရင်က ကျောက်မျက်တူးဖော်ခွင့် ရသေးတယ်။အခုဆိုရင် မရတာများတယ်။ ကုမ္ပဏီတွေကပဲလုပ် ကိုင်ခွင့် ရရှိနေတော့ ပိုက်ဆံရှိတဲ့လူ တွေကတခြားမြို့တွေဆီပြောင်းပြီး တခြားစီးပွားရေးလုပ်ကိုင်ကုန်တယ်။ ဒီမှာ ကျန်တဲ့ လူအများက အိမ်ဆိုင်လေးတွေဖွင့်တာလောက်ပဲ ရှိတော့တယ်။ ဒီမှာလုပ်စားဖို့နေရာဆိုတာ ပျောက် နေပြီ"ဟု မိုးကုတ်ဒေသခံ ကိုမြင့်နိုင်ကပြောသည်။

ထို့ပြင် မိုးကုတ်မြို့ရှိ လူငယ်များအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန် ၊ မန္တလေး မြို့ကြီးများဆီသို့ သွားရောက်လုပ်ကိုင် နေကြသူများရှိသည့်အပြင် မိသားစုလိုက် ပြောင်းရွေသွားသောသူများ လည်း ရှိကြောင်းသိရသည်။

“မိုးကုတ်မှာက အလုပ်အကိုင်ရှားတယ်လေ စက်ရုံတွေလည်းမရှိဘူး ၊ ကုမ္ပဏီတွေလည်းမရှိဘူး ၊ ကျွန်မ တို့လို လူငယ်တွေအတွက်တော့ အလုပ်အကိုင်အရမ်းရှားလာလို့ မန္တလေးကိုလာပြီး လုပ်ကိုင်နေကြရတယ် “ ဟု မန္တလေးမြို့ရှိ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသာ မိုးကုတ်သူ မရွှေရည်လွင်က ပြောသည်။

မိုးကုတ်ဒေသတွင် ပတ္တမြားနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ကွက်များကို ဒေသခံများ လုပ်ကိုင်ခွင့် မရရှိခြင်းကြောင့် မြို့ခံများအနေဖြင့် စီးပွားရေးကျပ်တည်းလာပြီး ကျောက်မျက်ရတနာများ ရှာပါးလာမှု တို့ကြောင့် စီးပွားရေး ဆိုးရွားစွာကျဆင်းခဲ့ရသည်ဟု သိရသည်။

“မိုးကုတ်မြို့က အရင်လို ကျောက်တွေလည်း မထွက်တော့ဘူး ၊ တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေကိုလည်း ချမပေးတော့ဘူး ကျောက်ဈေးကလည်း အေးနေတယ် ။အဲ့တာတွေကြောင့် မိုးကုတ်မြို့က တဖြေးဖြေး စီးပွား ရေးက ကျဆင်းလာပြီ “ ဟု မိုးကုတ်ထာပွဲကုန်သည်ပွဲစားများအသင်းမှ နာယကဖြစ်သူ ဦးမြတ်ထွန်းကပြော သည်။

မိုးကုတ်ဒေသတွင်းမှာရှိသည့် ပြည်သူများ အလုပ်အကိုင်ချထားပေးနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ ထံတင်ပြ ထားကြောင်း မိုးကုတ်သားဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

“ ဒေသခံတွင် အလုပ်အကိုင် ရရှိအောင်ဘယ်လိုလုပ်ကြမလဲ ။ လက်လုပ်လက်စားတွင်းတွေကို ချထားပေးဖို့ အစီအစဉ်ရှိတယ် ။ အဲ့တာက ဥပဒေသွားမှာ မဟုတ်ဘူး အမိန့်ညွှန်ကြားချက်နဲ့သွားမှာ ။”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားထာသည်။

မိုးကုတ်မြို့တွင် ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိပြီး လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့ရှိ လူဦးရေမှာ ၁၇၁၅၆၄ ယောက် ဖြစ်သည်။

မိုးကုတ်မြို့တွင် အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ လီဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့် တိုင်းရင်း သားများ နေထိုင်ပြီး ကမ္ဘာကျော်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာ မျိုးစုံထွက်ရှိသော ဒေသ ဖြစ်သည်။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးကုတ်မြို့တွင် အလုပ်အကိုင် ရှားပါးလာသဖြင့် ရန်ကုန် ၊ မန္တလေးမြို့များဆီသို့ ပြောင်းရွေ့သူ ပိုများလာ မိုးကုတ်မြို့တွင် အလုပ်အကိုင် ရှားပါးလာသဖြင့် ရန်ကုန် ၊ မန္တလေးမြို့များဆီသို့ ပြောင်းရွေ့သူ ပိုများလာ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.