ရောဂါတွေကို ဖေါ်ထုတ်နိုင်တဲ့ ဉာဏ်ရည်တု

အရေးပေါ်ကုသမှုခံခဲ့ရလို့ ညာမျက်စိ ကွယ်မှာရှောင်ရှားနိုင်ခဲ့တဲ့ လူနာ
Artificial intelligence ဉာဏ်ရည်တုက မျက်စိရောဂါတွေကို တိတိကျကျဖေါ်ထုတ်ပေးနိုင်တယ်လို့ ထင်ရှားတဲ့ မျက်စိအထူးကုတချို့က ပြောပါတယ်။

လန်ဒန်မြို့က Moorfields မိုးဖီးလ်မျက်စိအထူးကုဆေးရုံနဲ့ DeepMind ဒီပ်မိုင်း ဂူဂယ်ကုမ္ပဏီတို့ ရဲ့ ပူးပေါင်းလေ့လာမှုအရ ဉာဏ်ရည်တု ထည့်သွင်းထားတဲ့ ကွန်ပျူတာတခုဟာ ရှုပ်ထွေးလှတဲ့ မျက်စိတွင်း ပုံရိပ်တွေကို ဖတ်နိုင်ပြီး မျက်စိရောဂါ ၅၀ ကျော်ကို သိရှိဖေါ်ထုတ်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် ဒီကွန်ပျူတာဟာ မကြာခင်မှာ ဘယ်လူနာတွေ အရေးပေါ်ကုသမှု လိုအပ်သလဲဆိုတာကို သိရှိနိုင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင် လာနိုင်လိမ့်မယ်လို့ ဆရာဝန်တွေက မျှော်လင့်နေကြပါတယ်။

လန်ဒန်မှာ အခြေစိုက်တဲ့ Deep Mind ကုမ္ပဏီက မျက်စိတွင်း မြင်လွှာ Retina က သုံးဘက်မြင် 3Dပုံရိပ်တွေကို စိစစ်သုံးသပ်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာတခုကို တီထွင်ခဲ့တာဖြစ်ပါတယ်။

ဒီကွန်ပျူတာကို ပုံရိပ်တွေ ဖတ်တတ် သုံးသပ်တတ်အောင် ထောင်နဲ့ ချီတဲ့ ပုံရိပ်တွေသုံးပြီး လေ့ကျင့်ပေးခဲ့ပါတယ်။

စမ်းသပ်ကြည့်တဲ့ အခါ ဉာဏ်ရည်တုစွမ်းရည်က လူသားတွေထက်တောင် သာလွန်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

လူနာ တထောင်ရဲ့ ပုံရိပ်တွေကို ကွန်ပျူတာနဲ့ မျက်စိအထူးကုဆရာဝန်ကြီး ၈ ဦးကို ကြည့်ခိုင်းပြီး ရောဂါဖေါ်ထုတ်စေခဲ့သလို ဘယ်သူက အရေးတကြီး ကုသဖို့လိုတယ်၊ ဘယ်သူက သာမန်ကုသမှုလိုတယ် ဘယ်သူက ဘာကုသမှုမှ မလိုပဲ စောင်ကြည့်ဖို့လိုတယ် စတဲ့ မှတ်ချက်တွေ ပေးခိုင်းခဲ့ပါတယ်။
ကွန်ပျူတာနဲ့ ဖတ်တဲ့ 3D မြင်လွှာပုံရိပ်တွေနဲ့ မှတ်ချက်
အဲဒီမှာ ဉာဏ်ရည်တု ကွန်ပျူတာဟာ ထင်ရှားတဲ့ မျက်စိအထူးကုဆရာဝန်ကြီး နှစ်ဦးနည်းတူ အမှားအယွင်းနည်နည်းနဲ့ စွမ်းဆောင်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ဘယ်လူနာတွေက အရေးပေါ်ကုသမှုလိုအပ်တယ်ဆိုတာကို တခုမှ မလွတ်စေဘဲ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။

ဒီလေ့လာမှုရလာဒ်ကို Nature Medicine ဆေးပညာဂျာနယ်မှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်တဲ့ မိုးဖီးလ် မျက်စိအထူးကုဆေးရုံက အတိုင်ပင်ခံ ဆရာဝန်ကြီး ဒေါက်တာ Pearse Keane က လာမယ့် ၂ နှစ် ၃ နှစ်အတွင်း ဒီကွန်ပျူတာကို ဆေးရုံတွေမှာ ရောဂါရှာဖွေရေးအတွက် အသုံးချလာနိုင်ဖို့ မျှော်လင့်ထားပေမယ့် လောလောဆယ်မှာ ပိုသေချာအောင် စမ်းသပ်မှုတွေ လုပ်ဖို့ လိုသေးတယ်လို့ ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ရောဂါတွေကို ဖေါ်ထုတ်နိုင်တဲ့ ဉာဏ်ရည်တု ရောဂါတွေကို ဖေါ်ထုတ်နိုင်တဲ့ ဉာဏ်ရည်တု Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.