အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြောက်ကိုရီးယား ခရီးစဉ် ဆိုင်းငံ့လိုက်

 ဇွန်လတုန်းက ကင်ဂျုံအွန်း နဲ့ တွေ့အပြီးမှာ သမ္မတ ထရမ့် က နျူကလီးယား အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ပြောခဲ့
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo လာမယ့်အပတ်မှာ သွားဖို့ စီစဉ်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို သမ္မတ ထရမ့်က ဆိုင်းငံ့လိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က သူတို့ရဲ့ နျူကလီးယားစီမံကိန်း ဖျက်သိမ်းဖို့ ကတိပြုထားချက်ကို လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်ခဲ့တဲ့အတွက် မစ္စတာ Pompeo ကို မြောက်ကိုရီးယား မသွားသေးဖို့ သူပြောခဲ့တာလို့ သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖေါ်ပြခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းစဉ်မှာ တချိန်က ကူခဲ့တဲ့ တရုတ်အစိုးရကလည်း နောက်ထပ် အကူအညီပေးတာမျိုး မရှိတော့ဘူးလို့ သမ္မတ ထရမ့်က ပြောခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ တရုတ် အကြား လက်ရှိ ကုန်သွယ်ရေး တင်းမာနေမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဇွန်လတုန်းက တွေ့ဆုံခဲ့အပြီး တုန်းကတော့ သမ္မတ ထရမ့်က မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယား စီမံကိန်း စက်ရုံတွေ ဖျက်သိမ်းဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ သတင်းတွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။

 မြောက်ကိုရီးယားနိုင်ငံကို တတိယအကြိမ် အဖြစ် ဇူလိုင်လက မစ္စတာ ပွန်ပီယို သွားခဲ့
IAEA ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အေဂျင်စီအဖွဲ့ကလည်း မြောက်ကိုရီးယား နိုင်ငံဟာ သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို ဆက်လုပ်နေဆဲပဲလို့ ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရက နျူကလီးယား စီမံကိန်းကို ဖျက်သိမ်းမှသာ သူတို့ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ စဉ်းစားမယ်လို့ အမေရိကန် အစိုးရဘက်က ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၆ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်မှု လုပ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် မစ်ဆိုင်းဒုံးကျည်တွေ ပစ်နိုင်တယ်လို့ ကြွားဝါ ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြောက်ကိုရီးယား ခရီးစဉ် ဆိုင်းငံ့လိုက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြောက်ကိုရီးယား ခရီးစဉ် ဆိုင်းငံ့လိုက် Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.