ငွေစက္ကူသစ်ကြောင့် ဗင်နီဇွဲလား စီးပွားရေး မရေရာ

ဓာတ်ပုံ မူပိုင် Reuters
ငွေကြေး ဖောင်းပွမှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံမှာ သြဂုတ် ၂၀ရက်က Sovereign Bolivar လို့ခေါ်တဲ့ ငွေစက္ကူသစ်ကို အစိုးရက ထုတ်ဝေလိုက်ပေမယ့် မရေရာ မသေမချာ ဖြစ်နေတဲ့ စီးပွားရေး အခြေအနေက အဆုံးသတ်မသွားဘဲ ဖြစ်နေပါတယ်။

ဆိုးဝါးလာနေတဲ့ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့ အစိုးရက ငွေစက္ကူ သစ်တွေ ထုတ်ဝေလိုက်ပေမယ့် ဒီလို ထုတ်ဝေတာက အခြေအနေကို ပိုဆိုးသွား စေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေး အခြေအနေကို ကြည့်မယ်ဆိုရင် ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ ရေနံ အကြွယ်ဝဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ ဝင်ငွေ ၉၅ ရာခိုင်နှုန်းက ရေနံတင်ပို့တာကနေ ရရှိနေတာပါ။
ဓာတ်ပုံ မူပိုင် Reuters
ဒါကြောင့်လည်း ရေနံဈေးတက်ရင် ငွေကြေးအမြောက်အမြား အစိုးရထံကို ဝင်လာလေ့ရှိပါတယ်။ အစိုးရကလည်း လူမှုဖူလုံရေး စီမံကိန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရေနံဈေးတွေ ကျရင် စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်ရလေ့ ရှိပြီး လူမှုဖူလုံရေး စီမံကိန်းတွေကိုလည်း အစိုးရက ဖြတ်တောက်လေ့ရှိပါတယ်။

၂၀ဝ၃ ခုနှစ်လောက်မှာ နိုင်ငံခြားငွေကြေး ရောင်းဝယ်မှုကို Hugo Chávez အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့် ဗင်နီဇွဲလားနိုင်ငံသားတွေအနေနဲ့ ဒေါ်လာကို လွတ်လပ်စွာ ဝယ်ယူခွင့်မရှိတော့သလို မှောင်ခိုဈေးကွက် ပေါ်ပေါက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဗင်နီဇွဲလားရဲ့ နှစ်စဉ် ငွေကြေး ဖောင်းပွမှုနှုန်းက ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်နေပြီး ၂၀၁၅ ခုနှစ်ကနေ အစိုးရက ငွေကြေးဖောင်းပွမှုနှုန်းကို တရားဝင် စာရင်းဇယားနဲ့ ထုတ်ပြန်တာ မရှိတော့ပါဘူး။

ဒါပေမယ့်လည်း ဂျွန်ဟော့ကင်း တက္ကသိုလ်က စီးပွားရေး ပညာရှင် Steve Hankeရဲ့ တွက်ချက်မှုအရ ဧပြီလမှာ ၁၈၀ဝ၀ ရာခှိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရသတ်မှတ်ထားတဲ့ ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ဗင်နီဇွဲလား ငွေကြေး Bolivar ၂၄၈၀ဝ၀ နီးပါးရှိနေပါ တယ်။

ဒီလို အရမ်းကို မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုကို ကုစားဖို့ အစိုးရက Sovereign Bilivarsလို့ခေါ်တဲ့ ငွေစက္ကူ အသစ်နဲ့ အကြွေတချို့ကို ထုတ်ဝေခဲ့ပါ တယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ငွေစက္ကူအသစ်ကို ထုတ်ဝေဖို့ ကြေညာပြီး အစိုးရက ဘဏ် အားလပ်ရက် အဖြစ် ကြေညာလိုက် တာကြောင့် သြဂုတ် ၂၁ရက်နေ့က ငွေစက္ကူက လူထု လက်ထဲကို ဖြန့်ဝေနိုင်တာ ဖြစ်ပါတယ်။

ရှိပြီးသား ငွေစက္ကူအဟောင်းတချို့ကိုလည်း အချိန်အတိုင်းအတာတခုအထိ ဆက်လက်သုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘီဘီစီရဲ့ လက်တင် အမေရိက သတင်းထောက် Will Grantက အခုလို ငွေစက္ကူအသစ် ထုတ်လိုက်တာဟာ အရင်က ကော်ဖီတခွက်ကို ၂. ၅ သန်း ပေးရပေမယ့် အသစ်ထုတ်ဝေလိုက်တဲ့ ငွေကြေး Sovereign Bolivarsနဲ့ဆိုရင် ၂၅ ကျမှာလို့ ရှင်းပြပါတယ်။

ဒါပေမယ့် ATM စက်တွေကနေ နိုင်ငံသားတွေ ငွေကြေး ထုတ်ယူမှုကိုတော့ ကန့်သတ်ထားတယ်ပြီး ငွေစက္ကူသစ် Sovereign Bolivars ၁၀ပဲ ထုတ်ယူခွင့်ပေးတယ်လို့ ဆိုပါတယ်။

အသစ်ထုတ်ဝေလိုက်တဲ့ ငွေကြေးနဲ့ လိုက်လျော ညီထွေ မဖြစ်သေးတာကြောင့် စီးပွားရေးလုပ်ငန်းအတော်များများကလည်း ပိတ်ထားသလို အလုပ်သမား တော်တော်များများကလည်း အလုပ်ကို သွားရောက်ခဲ့တာ မရှိပါဘူး။

ငွေစက္ကူအသစ် ထုတ်ပြီးတဲ့နောက်မှာ မရေရာမသေချာမှုတွေက လူတွေအကြားမှာ မြင့်တက်နေပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာနေတဲ့ Yusmari Marquezက ဈေးတွေ မြင့်တက်လာတာကို ကြောက်နေပြီး အခု ဆူပါမားကတ်မှာ ကြက်ဥ၊ အသား၊ နွားနို ဒီပစ္စည်းတွေ ဈေးဘယ်လောက်ရှိလဲဆိုတာ သွားကြည့်မယ်လို့ ပြောပါတယ်။

နိုင်ငံတဝန်းမှာ ရှိနေတဲ့ မြို့တွေကလည်း ခြောက်ကပ်နေသလို လူတွေကလည်း ငွေကြေးအသစ်ကို အသုံးပြုဖို့ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေမှာ ရှိနေပါ တယ်။

မနေ့က ဘဏ်တွေ ပြန်ဖွင့်လိုက်ရာမှာတော့ ဘဏ်တွေနဲ့ ငွေကြေးထုတ်လို့ရတဲ့ ATM စက်တွေမှာ လူတွေက တန်းစီစောင့်ဆိုင်း နေကြတယ်လို့ ဆိုပါတယ်။

သမ္မတ မာဒူရိုရဲ့ စီးပွားရေး အစီအစဉ်သစ်ကို ထောက်ခံကြဖို့ အစိုးရက ထောက်ခံသူတွေကို တိုက်တွန်းနေပေမယ့် သာမန် နိုင်ငံသားအများစုက သူ့ကို မယုံရဲသလို အနာဂတ်အတွက် စိုးရိမ်နေပါတယ်။

BBC Burmese
https://www.bbc.com
ငွေစက္ကူသစ်ကြောင့် ဗင်နီဇွဲလား စီးပွားရေး မရေရာ ငွေစက္ကူသစ်ကြောင့် ဗင်နီဇွဲလား စီးပွားရေး မရေရာ Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.