၁၃ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ


သြဂုတ် ၁၂

အသက် တစ်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးအတွက် လူကုန်တားရဲတပ်ဖွဲ့ နှင့် နယ်မြေခံရဲများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည် ။

ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာနေ ၁၃ နှစ် အရွယ် မိန်းကလေးအား ဇူလိုင်လ (၁၀) ရက်နေ့က အဖွားဖြစ်သူ ဒေါ်မြမြ က မူဆယ်သို့ အဖော်အဖြစ်ခေါ်သွားခဲ့ကာ ဇူလိုင်လ (၁၆) ရက်နေ့တွင် ဒေါ်မြမြ မှာ တစ်ဦးတည်း ပြန်လာခဲ့ကြောင်း သိရသည် ။

ထို့နောက် ၁၃ နှစ် အရွယ် မိန်းကလေး၏ အမေတူ အဖေကွဲ အမတော်စပ်သူ မခင်ဆွေလင်း (၂၈) နှစ် က မေးမြန်းရာ လူကုန်ကူးခံရသည့် မိန်းကလေးမှာ မမြသီတာထွန်း၊ လှအောင်တို့နှင့်အတူ မန္တလေးမြို့ထဲတွင်ရှိနေကြောင်း ၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ရွာသို့ပြန်လည်ပို့ဆောင်ပေးခဲ့၍ ဇူလိုင်လ (၁၈) ရက်နေ့တွင် မမြသီတာထွန်းနှင့် လှအောင်တို့မှ မည်သူ့ ကို မျှအသိမပေးဘဲ အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးအား လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည် ။

ထို့အတွက်ကြောင့် ဒေါ်မြမြ ၊ မမြသီတာထွန်းနှင့် လှအောင်တို့ကို အုန်းချောနယ်မြေခံရဲစခန်းတွင် (ပ)၁၄၆/၂၀၁၈ လူကုန်တားဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ခဲ့ရာ ဒေါ်မြမြအားဖမ်းဆီးရမိခဲ့သော်လည်း မမြသီတာထွန်း နှင့် လှအောင် တို့မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိခဲ့ပေ ။

``လူကုန်ကူးတဲ့ သူတွေကို ဖမ်းဖို့လုပ်နေတယ် ။ ခုတော့ တစ်ယောက်ပဲမိသေးတယ် ။ ကလေးမလေးကို ပေါင်းသင်းနေထိုင်တဲ့ တရုတ်လူမျိုးကိုတော့ ဖမ်းဆီးရမိထားတယ် ။ ကျန်တဲ့သူတွေကို နယ်မြေခံနဲ့ ကျွန်တော်တို့ လူကုန်တားရဲ နဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမယ်။´´ ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ(မန္တလေး) က ရဲမှူးမျိုးဇင် က ပြောသည် ။

ထို့နောက် လူကုန်ကူးခံရသည့် အသက်ဆယ့်သုံးနှစ်အရွယ် မိန်းကလေးမှာ သြဂုတ်လ ၉ ရက်နေ့က ရွာသို့တစ်ဦးတည်း ပြန်လည်ရောက်ရှိလာသဖြင့် သက်ဆိုင်ရာက မေးမြန်းခဲ့ရာ ၄င်းအား မမြသီတာထွန်း နှင့် လှအောင်တို့မှ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ သို့ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသား အားချန်(ခ)အားထန်(ခ)ထွန်းထွန်း (၃၆) နှစ် နှင့် လက်ထပ်ပေးစားရန်လုပ်ဆောင်ခဲ့ကြောင်း ၊ ထို့နောက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ထထ-၃ ရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသားနှင့် လင်မယားအဖြစ် ၁၉ ရက်ပေါင်း သင်းနေထိုင်ခဲ့ကြောင်း ထွက်ဆိုပြောကြားခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ်လ (၁၁) ရက်နေ့က ၁၃ နှစ် အရွယ် မိန်းကလေး၏ အမေတူ အဖေကွဲ အမတော်စပ်သူ မခင်ဆွေလင်း က တရုတ်နိုင်ငံသား အာချန်(ခ)အားထန် (ခ) ထွန်းထွန်း၊ ဒေါ်မြမြ၊ မမြသီတာထွန်းနှင့် လှအောင်(ခ)ကျော်ကျော်တို့အား စက်မှု နယ်မြေခံရဲစခန်းတွင် (ပ) ၃၉၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ အရ အမှုဖွင့်ခဲ့သည် ။

ယင်းအမှုတွင် တရုတ်နိုင်ငံသားအား သြဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ဒေါ်မြမြမှာလည်း လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရစဉ်က ဖမ်းဆီးရမိထားပြီးဖြစ်ကာ လွတ်မြောက်နေသည့် မမြသီတာထွန်းနှင့် လှအောင် တို့အား ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရသည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
၁၃ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ ၁၃ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသားထံရောင်းချခဲ့သည့် သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေ Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.