ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်ငွေစက္ကူအတုဖြန့်ဖြူးသုံးစွဲနေသူများ ဖမ်းဆီးရမိ


ရေဦး ၁၆ သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့် ငွေစက္ကူအတုများ ဖြန့်ဖြူးသုံးစွဲ နေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ရွှေဘိုခရိုင်မူးယစ်အထူးတပ်ဖွဲ့ ရေဦးမြို့မရဲတပ်ဖွဲ့စခန်းတို့ပူးပေါင်းအဖွဲ့တို့သည် သြဂုတ် ၁၃ ရက် ညနေ ၆ နာရီခန့်က ဗိုလ်အောင်ဇေယျရပ်ကွက်ကုက္ကိုတန်းလမ်းနှင့် မြောက်ဈေးလေး လမ်းဆုံရာအနီးတွင် စောင့်စိုင်းနေစဉ် SUMBO STAR 125 (ယာဉ်အမှတ်မပါ) ဆိုင်ကယ် မောင်းနှင်လာသူ မိုးအောင် (ခ) အောင်မောင်း (၂၇)နှစ် ရွှေပြည်သာ ရပ်ကွက်နေသူအား ရပ်တန့်စစ်ဆေးရာ မူးယစ်ဆေးဝါးဟု ယူဆရသော ဖြူဝါရောင်အမှုန့် (၀.၁၂) ဂရမ်ပါပင်နီဆလင်ပုလင်းတစ်လုံး (ခန့်မှန်းတန်ဖိုး ၁၂၀၀၀) သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ခင်မောင်ဦးနှင့်အဖွဲ့ ရေဦးမြို့မရဲတပ်ဖွဲ့ စခန်း ခေတ္တစခန်းမှူး ရဲအုပ်သက်ဆွေနှင့် သက်ဆိုင်ရာမှတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၄ ရက် နေ့လည်ပိုင်းက အောင်ချမ်းသာရပ်ကွက် ဦးဖိုးထောင်(ခ) မျိုးမင်းထွန်း (၃၃)နှစ် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ပေါ်တွင် ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ အောင်နိုင်(ခ) အောင်နိုင်ဌေး (၃၉)နှစ်၊ ဇော်ရဲအောင် (၂၄)နှစ် တို့သုံးဦးကို တွေ့ရှိရပြီး ပန်းရောင်ဆပ်ပြာခွက်တွင် ထည့်ထားသော ဘိန်းဖြူဟုယူဆရသော (၁၄)ဂရမ်ခန့်ရှိ ဖြူ /ဝါရောင်အမှုန့်များ၊ "wax" အမှတ်တံဆိပ်ဖြင့် ထည့်ထားသည့် ဖြူ/ဝါရောင်အမှုန့်( ၃ ဒသမ ၅ )ဂရမ်၊ lipo ပုလင်းတွင်ထည့်ထားသော ဖြူဝါရောင်အမှုန့်(၃ ဒသမ ၅ )ဂရမ်၊ အပြာရောင်ရေလုံအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော " 88 -11 " စာတမ်းပါ ပန်းရောင်ဆေးပြား ၂၃၂ ပါ အထုပ်များ၊ ပလပ်စတစ်အကြည်ဘူးတွင်ထည့်ထားသည့် (၀.၅)ဂရမ်ရှိ ဖြူ/ဝါရောင်အမှုန့်တစ်ဘူးနှင့် (၀. ၁)ဂရမ်ရှိ ဆေးပြားတစ်ပြား၊ ငွေစက္ကူရောရာကျပ် ၁၀ သိန်း၊ " HUAWEI 730 " လက်ကိုင်ဖုန်း တစ်လုံး၊ ရောင်စုံဂက်စ်မီးခြစ်ရှစ်လုံး၊ ခဲပြားလိပ်တစ်လိပ်၊ ရောင်စုံပိုက် (၁၅) ချောင်းကို သိမ်းဆည်းရမိခဲ့သည်။


ထို့နောက် ဖိုးထောင် (ခ)မျိုးမင်းထွန်း ဝတ်ထားသော အင်္ကျီအိတ်အတွင်းမှ ငွေစက္ကူအတု အရွက်(၅၀)ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်ငွေစက္ကူအတုများ ဖြန့်ဖြူးအသုံးပြုသူ ၎င်းတို့ သုံးဦးအား ရေဦးမြို့မရဲတပ်ဖွဲ့စခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထိုက် (ရေဦး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်ငွေစက္ကူအတုဖြန့်ဖြူးသုံးစွဲနေသူများ ဖမ်းဆီးရမိ ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်ငွေစက္ကူအတုဖြန့်ဖြူးသုံးစွဲနေသူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.