ကားနှင့်ဆိုင်ကယ်တိုက်၍ ပုဏ္ဏားကျွန်း တောင်နားရွာမှ ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံး

ဓာတ်ပုံ - သေဆုံးသွားသူနှစ်ဦးအား အခင်းဖြစ်ပွားသည့်နေရာတွင် တွေ့ရစဉ်။
စစ်တွေ၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်၍ ဆယ်ကျော်သက် လူငယ် နှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် တောင်နားရွာကျေးရွာမှ မောင်သန်းတင် (၁၈) နှစ် နှင့် မောင်ဦးတင်လှိုင် (၁၉ ) နှစ် တို့ဖြစ်ကြသည်။

တောင်နားရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးလှမောင်က "တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ မျက်နှာက လုံးဝ စုတ်ပြတ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ မမြင် လိုက်ရဘူး။ သူက ပုဏ္ဏားကျွန်းဆေးရုံကို ရောက်မှ သေသွားတာဖြစ်ပါတယ်"ဟု နိရဉ္စရာသို့ အတည်ပြုပြောသည်။

သူတို့သည် သြဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ယိုးငူကျေးရွာတွင် ဆွေမျိုး လည်ပြီးနောက် တောင်နားရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြောက်ဦးနှင့် စစ်တွေသို့ ပြေးဆွဲ နေသော ရွှေပြည်သစ်ခရီးသည်တင်ယာဉ်နှင့် သရက်ချိုကျေးရွာ အနီးတွင် တိုက်မိမှုကြောင့် သေဆုံးသွားကြခြင်းဖြစ်သည်။

"သူတို့က ဆင်းရဲပင်ပန်းတော့ သူများအိမ်မှာ အငှားလုပ်ပြီး မိဘတွေကို ကျွေးမွေး နေကြတဲ့ သူတွေပါ"ဟုလည်း တောင်နားရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးလှမောင်က ပြောသည်။

သူတို့နှစ်ဦးစလုံးတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည်ကိုမတွေ့ရကြောင်းလည်း အခင်း ဖြစ်ပွားရာသို့ ရောက်ရှိခဲ့သူ ကိုကျော်မြင့်တင်က ပြောသည်။

သူတို့နှစ်ဦးအားတိုက်မိခဲ့သည့် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စပယ်ယာကို ဖမ်းဆီးထားကြောင်း တောင်နားရွာကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
ကားနှင့်ဆိုင်ကယ်တိုက်၍ ပုဏ္ဏားကျွန်း တောင်နားရွာမှ ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံး ကားနှင့်ဆိုင်ကယ်တိုက်၍ ပုဏ္ဏားကျွန်း တောင်နားရွာမှ ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.