ဒေါ်လာဈေးတက်နေခြင်းကြောင့် နည်းပညာဆိုင်ရာ ပစ္စည်းများ ဈေးတက်ပြီး ရောင်းအား ကျဆင်း


ပြည်တွင်း၌ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာဈေး ထိုးတက်လာခြင်းကြောင့် ဒေါ်လာဖြင့်ရောင်းချသည့် IT ပစ္စည်းများလည်း ဈေးတက်ပြီး ရောင်းအားကျဆင်းနေကြောင်း IT ပစ္စည်း ဖြန့်ဖြူးရောင်းချနေသူများထံမှ သိရှိရသည်။

ကွန်ပျူတာ၊ လပ်တော့ပ်နှင့် ဆက်စပ်ပစ္စည်းများ၊ CCTV ကင်မရာများ စသည့် IT ပစ္စည်းများမှာ ဒေါ်လာဈေး တက်သဖြင့် လက်ရှိ သြဂုတ် ၁၇ ရက်အထိ ပုံမုန်ဈေးထက် ကျပ်ငါးသောင်းမှ တစ်သိန်းနီးပါးထိ ဈေးမြင့်တက်မှု များရှိနေကာ အရောင်းအဝယ်မှာ ထက်ဝက်နီးပါးကျဆင်းနေကြောင်း သိရသည်။

''အခု ရောင်းအားက တော်တော်ကျသွားတယ်။ (၄၀)ရာခိုင်နှုန်းလောက်ကျတယ်။ ဈေးကလည်း အရင်က cctv တစ်လုံးတပ်ရင် (၃)သိန်းလောက်ကျမယ်ဆို အခု(၄)သိန်းကျော်လောက်ကျနေတော့ ဝယ်မယ့်သူတွေက နည်း လာတာပါပဲ''ဟု ဆိပ်ကမ်းသာလမ်းရှိ Genius cctv ရောင်းဝယ်ရေးလုပ်ငန်းမှတာဝန်ရှိသူ မဇင်နွယ်ဖြိုးက ပြောသည်။ လက်ရှိတွင် လာရောက်ဝယ်ယူနေသူများကိုလည်း ဈေးနှုန်းပြောဆိုရန်ပင် အားနာမှုများရှိနေရပြီး ဒေါ်လာဈေး အတက်ကြောင့်လည်း IT ပစ္စည်းများမှာ ဈေးအတက်ဘက်တွင်သာရှိနေကြောင်း မဇင်နွယ်ဖြိုးက ပြောသည်။


အမေရိကန်တစ်ဒေါ်လာလျှင် သြဂုတ်လဆန်းပိုင်းက မြန်မာကျပ်(၁၄၅၀)ကျော်ပေါက်ဈေးရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ကျပ်(၁၅၂၀)ကျော်တွင်ရှိနေကြောင်း သိရသည်။

''ကြိုတင်ဝယ်ယူထားတာတွေရှိတယ်။ အဲ့တုန်းကဈေးတစ်မျိုးနဲ့ အခုဒေါ်လာဈေးကတစ်မျိုးဆိုတော့ ရှုံးတာတွေ အများကြီးပါ။ ထိခိုက်တဲ့လူတွေများတယ်။ ငွေဈေးကလည်းမတည်ငြိမ်တော့ အရောင်းအဝယ်တွေက တော် တော်ကိုအေးတာ။ အခု ဈေးကလည်း အနည်းဆုံး(၂)သောင်းကနေစပြီးတက်သွားတယ်''ဟု ဆိပ်ကမ်းသာ လမ်းတွင် ကွန်ပျူတာရောင်းဝယ်ဖြန့်ဖြူးရေးလုပ်ကိုင်နေသည့် ဆိုင်မှတာဝန်ရှိသူ မဆက်ဆက်အောင်က ပြောသည်။

IT ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ၊ လပ်တော့ပ်များအနက် ပုံမှန်အားဖြင့် (၃)သိန်းဝန်းကျင်ပေါက်ဈေးရှိသည် များမှာ လက်ရှိတွင် တစ်လုံးလျှင် (၄)သိန်းကျော်အထိဈေးမြင့်တက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဒေါ်လာဈေးတက်နေခြင်းကြောင့် နည်းပညာဆိုင်ရာ ပစ္စည်းများ ဈေးတက်ပြီး ရောင်းအား ကျဆင်း ဒေါ်လာဈေးတက်နေခြင်းကြောင့် နည်းပညာဆိုင်ရာ ပစ္စည်းများ ဈေးတက်ပြီး ရောင်းအား ကျဆင်း Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.