အခွန်လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ ဒေါ်စုနဲ့ ဆွေးနွေး

တင်ဒါကိစ္စတွေအမြန်ဆောင်ရွက်နေကြောင်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးတဲ့အခါမှာ အခွန်အခတွေလျှော့ချပေးဖို့နဲ့ ကြိုးနီစနစ်တွေပြင်ဆင်ပေးဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

တင်ဒါကိစ္စနဲ့ ပတ်သက်လို့ မမှန်မကန်ကိစ္စတွေ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဆက်စပ် နေတယ် ဆိုတာတွေကို အသိပေးစေချင်တဲ့အကြောင်း နဲ့ တင်ဒါကိစ္စတွေ မြန်မြန် ဆန်ဆန် ပြီးပြတ်ရေး ဦးစားပေး ဆောင်ရွက်နေတဲ့ အကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းမှာ မလိုအပ်တဲ့ ကြိုးနီးစနစ် တွေလုပ်ရတဲ့ အဆင့်တွေ သိပ်များနေတာတွေနဲ့ ပတ်သက်လို့လည်း အလုပ်တွေ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်အောင် အလေးထားဆောင်ရွက်နေတဲ့ အကြောင်းလဲ သူက ပြောကြားခဲ့ပါတယ်။

 စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အမှာစကား ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကိုတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုနိုင်ငံ အဖြစ် ဦးတည်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေဖက်ကတော့ လက်ရှိ ဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကိုလျော့ပေးဖို့ အခွန်အခတွေ လျှော့ပေးဖို့ စတဲ့ အကြောင်းတွေ တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူတဲ့အခါ ဝယ်တဲ့သူက အခွန် ၃၀ ရာခိုင်နှုန်း ပေးရတာကို လျော့ပေးမယ်ဆိုရင် အခု လက်ရှိရနေတဲ့ အခွန်အခထက် ပိုမို ရရှိလာမှာကို အာမခံတဲ့ အကြောင်းကိုလဲ ဆောင်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဌက တင်ပြခဲ့ပါတယ်။

NLD အစိုးရတက်လာပြီး နောက်ပိုင်း မြန်မာ့စီးပွါးရေးဟာ ကျဆင်းသွားတယ်လို့ သုံးသပ်မှုတွေ ရှိသလို လုပ်ရကိုင်ရခက် လာတယ်ဆိုတဲ့ ဝေဖန်မှု တွေရှိပါတယ်။

အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းပိုင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကျဆင်းသွားတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပြန်လည်ဦးမော့လာဖို့ အတွက်တော့ ဒီဆွေးနွေး ပွဲက မျှော်လင့်စရာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။

BBC Burmese
https://www.bbc.com
အခွန်လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ ဒေါ်စုနဲ့ ဆွေးနွေး အခွန်လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ ဒေါ်စုနဲ့ ဆွေးနွေး Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.