![]() |
၂၀၁၇ သြဂုတ်လတုန်းက လူဖြူအမျိုးသားဝါဒီ စုဝေးပွဲ |
လူသေဆုံးတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွါးစေတဲ့ လူဖြူ အမျိုးသားရေးဝါဒီ လူထုစုဝေးပွဲ ပထမ နှစ်ပတ်လည်နေ့ ကျရောက်တော့မှာဖြစ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်နဲ့ အနားက Virginia ပြည်နယ်က တာဝန်ခံ အရာရှိတွေ အသင့်ပြင်နေကြပါတယ်။
ဝါရှင်တန်မြို့တော်မှာ တနင်္ဂနွေနေ့ကျင်းပကြမယ့် လူထု စုဝေးပွဲကို သမ္မတ အိမ်ဖြူရှိရာ လမ်းရဲ့ တဖက်က ပန်းခြံထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတာမို့ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးလာနိုင်တဲ့ အရေးပေါ် အခြေနေတွေ အတွက် ကြိုတင်ပြင်ဆင်မိန့်ကို လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ မြို့တော်ဝန် Muriel Bowser က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဝါရှင်တန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြို့တော်ဝန်က ဒီနှစ်ပတ်လည်ပွဲကို ရနိုင်တဲ့အကူအညီ အားလုံးကိုသုံးပြီး လုံခြုံစိတ်ချစွာ ကျင်းပနိုင်ဖို့ လုပ်ဆောင် နေကြောင်း ပြောပါတယ်။
ဝါရှင်တန်ရဲချုပ် Peter Newsham ကတော့ ဝါရှင်တန်မြို့တော်မှာ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်ခွင့် မပြုကြောင်းနဲ့ ဒီလို လက်နက်တွေ သယ်မလာဖို့ ဆန္ဒပြသူတွေကို သတိပေးခဲ့ပါတယ်။
Virginia အုပ်ချုပ်ရေးမှုး Ralph Northam နဲ့ ပြီးခဲ့တဲ့ နှစ် လူထု စုဝေးပွဲ ကျင်းပခဲ့တဲ့ Virginia ပြည်နယ် Charlottesville မြို့က တာဝန်ခံ အရာရှိတွေကတော့ Charlottesville မြို့နဲ့ ဝါရှင်တန် အပြင်ဘက်က Virginia မြောက်ပိုင်းဒေသတချို့အတွက် အရေးပေါ် အခြေနေအမိန့်ဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ သက်ရောက်မှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။
အခုလို ထုတ်ပြန်ထားတာကြောင့် တကယ်လို့ အဓိကရုန်းဖြစ်ပွါးခဲ့ရင် Virginia က နိုင်ငံတော် အစောင့်တပ်ဖွဲ့အပါအဝင် တခြားတပ်တွေကို အရေးပေါ် အမြန်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေနိုင်မှာ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှုးNortham ကပြောပါတယ်။
ဒီသီတင်းပတ်ကုန်အတွက် ရဲတပ်သား ၇၀၀ ကျော်ကို တာဝန်ချထားမှာ ဖြစ်ပြီး ဒါဟာ အဓိကရုန်းမဖြစ်အောင် ကာကွယ်ဖို့အတွက် အသင့်ဖြစ်နိုင်တယ်လို့ ဖြစ်နိုင်မှာ ဖြစ်ကြောင်း Virginia ပြည်နယ်ရဲ တပ်ဖွဲ့က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လူဖြူအမျိုးသားဝါဒီ စုဝေးပွဲ အတွက် ၀ါရှင်တန်မြို့တော် အရေးပေါ်အစီအစဉ်ပြင်ဆင်
Reviewed by THITHTOOLWIN
on
11:07
Rating:
