![]() |
CHANDAN KHANNA / AFP |
အဲဒီအဖွဲ့ ၂ ခုရဲ့ သြဂုတ်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးပြီးနောက် အားရဖွယ်ရာ ဆောင်ရွက်မှုတချို့ပြုလုပ်ခဲ့ပါကြောင်း၊ အဲဒီ တိုးတက်မှုတွေထဲမှာ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖေါ်ရေးအတွက် လုပ်ငန်းကော်မတီတခုဖွဲ့စည်းခြင်း၊ ကုလအရာရှိတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက သွားရောက် လေ့လာနိုင်အောင် စီစဉ်ပေးခဲ့ခြင်းတွေ ပါဝင်ကြောင်း၊ ဒါပေမယ့် အဲဒီ နားလည်မှုစာချွန်လွှာထဲမှာ ပါဝင်တဲ့ အဓိက လုပ်ငန်းစဉ် ၃ ရပ်ကို အကောင်အထည်ဖေါ်ရေးအတွက် အရေးတကြီးလိုအပ်နေကြောင်း၊ အဲဒီ အဓိက အချက် ၃ ချက်ကတော့ ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်၊ သက်ဆိုင်ရာ အသိုင်းအဝန်း အားလုံးမှာပါဝင်တဲ့ ဒေသခံတွေ ဒေသအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိရေးနဲ့ ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ ဇစ်မြစ်ကိုဖေါ်ထုတ် အဖြေရှာရေးတွေဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ပထမ အချက်အဖြစ် ကုလဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့ဘောင်အသိုင်းအဝန်း အသီးသီးမှာရှိတဲ့သူတွေနဲ့ နေ့စဉ်ဆိုသလို လွတ်လပ်စွာ တွေ့ဆုံ တိုင်ပင်ဆွေးနွေးခွင့်ရရှိဖို့အတွက် ခရီးသွားလာခွင့်တွေကို အကျိုးအကြောင်း ဆီလျော်တဲ့ကာလအတွင်းရရှိဖို့ လိုအပ်ပါတယ်။ ဥပမာ ကုလဝန်ထမ်းတွေ မောင်တောမှာအခြေစိုက်ပြီး လိုအပ်တာတွေ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေထံ ဇွန်လ ၁၄ ရက်နေ့က တင်ပြမေတ္တာရပ်ခံခဲ့တာကို အခုအထိ စောင့်ဆိုင်းနေရတယ်လို့ ပါဝင်ပါတယ်။
ဒုတိယ အချက်အနေနဲ့ ကုလအရာရှိတွေရဲ့ ဇူလိုင်လ ခရီးစဉ်တွေမှာ အဲဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိုနေထိုင်တဲ့ လူမျိုးဘာသာ ကွဲပြားတဲ့ ဒေသခံ အသိုင်းအဝန်းအားလုံး တဖက်နဲ့ တဖက် အပြန်အလှန် စိုးရိမ်နေတာကို မြင်ခဲ့ရပါတယ်။ အထူးသဖြင့် လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေက တခြားလူမျိုးတွေထက် ပိုပြီး ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီ သူတွေဟာ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်နဲ့ ဒေသခံတခြားအသိုင်းအဝန်းတွေနဲ့ ဆက်ဆံပေါင်းသင်းခွင့်တွေ မရရှိပါဘူး၊ လွတ်လပ်စွာ သွားလာခွင့် ရရှိရေးအတွက် ကုလ အရာရှိတွေကို သူတို့က အကြိမ်များစွာ ပြောကြားခဲ့ပါတယ်။
တတိယ အချက်ကတော့ ပဋိပက္ခရဲ့ ဇစ်မြစ်ကို လေ့လာပြီး အဖြေရှာဖွေခြင်းပါပဲ။ လွင်တီးပြင်ဖြစ်နေတဲ့ ရွာဟောင်းတွေ၊ လူသူကင်းမဲ့တဲ့ စပါးစိုက်ခင်းဟောင်းနေရာတွေက အဲဒီဒေသမှာ နေထိုင်လုပ်ကိုင်ရမယ့်လူတွေ ပျောက်ဆုံး နေတာကို ညွန်ပြနေပါတယ်။ ထိုက်သင့်သူတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ ပြဿနာတွေ အဖြေရှာဖို့အတွက် မိမိတို့ အဖွဲ့အစည်းဝင်တွေအနေနဲ့ ဒေသခံတွေကိုတွေ့ဆုံပြီး ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းတွေ အမြန်ဆုံး စတင်ဆောင်ရွက်ခွင့်ရရှိဖို့ လိုအပ်နေပါတယ်လို့ UNHCR နဲ့ UNDP အဖွဲ့တွေရဲ့ သြဂုတ်လ ၈ ရက်နေ့စွဲနဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်တွေအတွက် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့တွေ တိုက်တွန်း
Reviewed by THITHTOOLWIN
on
11:07
Rating:
