စွန့်ပစ်ခံမွေးကင်းစကလေး လူမှုဝန်ထမ်းဌာနက စောင့်ရှောက်မယ်

 ရွှေဂုံတိုင်ကလေးပြုစုရေးဌာန
အခုနှစ်ပိုင်းအတွင်း လူမှုဝန်ထမ်းဦးစီးဌာနရဲ့ဂေဟာတွေမှာ စွန့်ပစ်ခံ မွေးကင်းစကလေးတွေပါ လက်ခံနိုင်ဖို့ ဂေဟာတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။

ရင်ခွင်မဲ့ကလေးငယ်တွေ စွန့်ပစ်တာတွေကို လျော့ချဖို့ ရည်ရွယ်ပြီး မွေးကင်းစ ကလေးတွေ လက်ခံစောင့်ရှောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့ကလေးငယ်တွေကို လက်ခံစောင့်ရှောက်ပေးရာမှာ အရင်က ၆ လသား အရွယ်ကသာ စတင်လက်ခံ စောင့်ရှောက်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။
 ရွှေဂုံတိုင်ကလေးပြုစုရေးဌာန
အခုလို စွန့်ပစ်ခံမွေးကင်းစကလေးတွေကို စောင့်ရှောက်ပေးနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့အတူ ကျန်းမာရေး ဦးစီးဌာနကပါ ပူးပေါင်းလုပ်ဆောင်တာလို့ ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

ဒီလိုလက်ခံ စောင့်ရှောက်ရာဖို့အတွက် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ စာရင်းအရ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာတွေမှာ၂၀၁၆ ခုနှစ်အတွင်း စွန့်ပစ်ခံ ကလေးငယ် ၈၁ ဦး လက်ခံရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ကလေးငယ် ၁၃၀ ကျော် အထိ လက်ခံ ရရှိခဲ့ပါတယ်။

ကလေးတွေကို အဓိက စွန့်ပစ်ရတဲ့ အကြောင်းအရင်းမှာ မလိုချင်တဲ့အချိန်မှာ ကိုယ်ဝန်ရရှိလို့ စွန့်ပစ်တာကို အများဆုံး တွေ့ရတယ်လို့လည်း ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ဒုဥက္ကဌ ဒေါက်တာမြသီတာက ပြောပါတယ်။
 ရွှေဂုံတိုင်ကလေးပြုစုရေးဌာန
အဲဒီလို ဖြစ်ရပ်တွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကား ခံရတာတွေအပြင် မျိုးဆက်ပွား ကျန်မာရေးအသိပညာက ပြည်သူအကြား နားလည်မှု နည်းပါးနေတာဟာလည်း အဓိက အကြောင်းရပ်ဖြစ်တာ တွေ့ရတယ်လို့ ဒေါက်တာမြသီတာက ပြောပါတယ်။

မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးရာမှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ မိဘက သားသမီးတွေကို အသိပညာပေး ပြောဆိုပြတာ မရှိသလို၊ ကျောင်းတွေမှာလည်း မျိုးဆက်ပွား ပညာပေး သင်ခန်းစာတွေကို ထည့်သွင်းထားပေမယ့် ဆရာတွေက ကျောင်းသူကျောင်းသားတွေကို သင်ကြား ပြောဆိုဖို့ ဝန်လေးကြတာက အဓိက အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလို အခြေအနေတွေကို လျော့ချဖို့ ရည်ရွယ်ပြီး ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနဲ့ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းနေတယ်လို့လည်း ဒေါက်တာမြသီတာက ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကတော့ မြန်မာအမျိုးသမီးတွေ လူမှုဝန်းကျင်မှာ သူတို့ဘ၀ လုံခြုံဖို့အတွက် ကာကွယ်စောင့်ရှောက် ပေးနိုင်တဲ့ တိကျတဲ့ဥပဒေတွေ နည်းပါးနေတာက အဓိက ကျနေတယ်လို့ ထောက်ပြပြောဆို ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese
စွန့်ပစ်ခံမွေးကင်းစကလေး လူမှုဝန်ထမ်းဌာနက စောင့်ရှောက်မယ် စွန့်ပစ်ခံမွေးကင်းစကလေး လူမှုဝန်ထမ်းဌာနက စောင့်ရှောက်မယ် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.