ရခိုင်မှာ ကုလ ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့ တောင်းဆို

မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ ကုလ သမဂ္ဂ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးပါလို့ ထုတ်ဖော် တောင်းဆိုလိုက်ပါတယ်။

ဒီလိုသွားလာခွင့် ရမှသာ လွန်ခဲ့တဲ့ ၂ လကျော်က လက်မှတ်ရေးထိုး ခဲ့တဲ့ နားလည်မှု စာခွန်လွှာ မှာ ပါဝင်တဲ့ အတိုင်း လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR တို့က သြဂုတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက UNHCR အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Paul Vireze ကို ဘီဘီစီက မေးကြည့်တော့ အခုလို စပြောပါတယ်။

ဖြေ - ဒီကနေ့ UNDP နဲ့ UNHCR တို့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပါပဲ အစိုးရနဲ့ နားလည်မှာ စာချွန်လွှာ MOU လက်မှတ်ထိုးပြီးတာ အခု ဆို ၂ လ ကြာပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကုလ သမဂ္ဂ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် မရသေးပါဘူး။ ဒီလိုသွားလာခွင့်ရဖို့ကပထမဆုံး အရေးကြီးတဲ့ အချက်ပါ။ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ၃ ကြိမ် ရှိပြီဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း အစိုးရနဲ့ အတူ သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် မရတဲ့ အတွက်ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူတို့ ဘာတွေ လိုအပ်နေတယ် ဆိုတာ မေးမြန်းခွင့် မရသေးပါဘူး။

ဒုတိယ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက လူတွေကို သွားလာခွင့် ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးဖို့ လိုပါတယ်။ ဒါမှသာ သူတို့ ဘဝ ရပ်တည်နေထိုင်နိုင်ရေးအတွက် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

တတိယ အနေနဲ့ကတော့ MOU မှာ ပါတဲ့ အတိုင်း ပဲ ရခိုင်အရေး ပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို ကိုင်တွယ် ဖြေရှင်းဖို့ နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်းကို နိုင်ငံသား ဖြစ်ခွင့် ပေးရေး ဆိုတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး အဖွဲ့ရဲ့ အကြံပြုချက်တွေကို လိုက်နာ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

မေး - ဒီအချက်သုံးချက်ကို တိုက်တွန်း နေတာဆိုတော့ အစိုးရနဲ့ ကုလ သမဂ္ဂကြား လက်မှတ်ထိုးထားတဲ့ MOU ထဲမှာရော အဓိက ဘာတွေပါဝင်ပြီး ဘာတွေ အကောင်အထည် ဖော်နေပါပြီလဲ

ဖြေ - ရခိုင်ပြည်နယ်မှာ အခြေအနေ အရပ်ရပ် တိုးတက် ကောင်းမွန်လာအောင် တစ်ဆင့်တိုး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒုက္ခသည်တွေ စိတ်ချလက်ချနဲ့ သူတို့ ဆန္ဒ သဘော အလျောက် ပြန်လာနိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ဒုက္ခသည်တွေ သူဆတို့ ဆန္ဒအရ ပြန်လာနိုင်ရေးကို အထောက်အကူ ဖြစ်စေနိုင်တဲ့ အနေအထား မရှိပါဘူး။ အဲဒီက အခြေအနေတွေ ကောင်းမွန်ဖို့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေက MOU ထဲမှာ ပါတဲ့ အတိုင်း အစိုးရနဲ့ အတူ လက်တွဲ အလုပ် လုပ်ကြဖို့၊ လုပ်ဆောင်ဖို့ သဘောတူညီထားတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

အခုအချိန်အထိတော့ MOU ကို လက်မှတ်ထိုးထားတယ် ဆိုတာပဲ ရှိပါသေးတယ်။ စီမံကိန်းတွေ ကုလသမဂ္ဂ ဝန်ထမ်းတွေ ကိုယ်တိုင် ကိုယ်ကျ ရခိုင်ပြည်နယ်ကို လွတ်လွတ်လပ်လပ် ဝင်ရောက်သွားလာခွင့် ရဖို့ စောင့်နေပါတယ်။ ဒါမှသာ စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါက ကုလသမဂ္ဂ အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းနေတဲ့ အရေးအကြီးဆုံး အချက်ပါ။

 မောင်တောမှာ အခြေချခွင့်ပြုဖို့ ကုလတောင်းဆို
မေး - ရခိုင်ပြည်နယ်မှာ ကုလ သမဂ္ဂ ဝန်ထမ်းတွေ လွတ်လွတ်လပ်လပ် သွားခွင့်ပေးဖို့ တောင်းဆိုနေတာကို ခွင့်မပြုရတဲ့ အကြောင်း မြန်မာအစိုးရက ဘယ်လို အကြောင်းပြချက် ပေးပါလဲ

မြန်မာအစိုးရက ကူလ သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတော်များများ ရှိပါတယ်။ ကုလသမဂ္ဂကို လွတ်လွတ်လပ်လပ် သွားခွင့် ပေးပါမယ်လို့ အခါပေါင်းများစွာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဖြစ်မလာသေးပါဘူး။ ဒါကြောင့် အခုလို လူသိရှင်ကြား ထုတ်ဖော် တောင်းဆိုရတာဖြစ်ပါတယ်။

မေး - အခုလို လူသိရှင်ကြားထုတ်ဖော် တောင်းဆိုလိုက်ပြီးတဲ့နောက် ဘာဆက်လုပ်ဖို့ ရှိပါလဲ

ဖြေ - အစိုးရဘက်က မကြာခင် တုံ့ပြန်မယ်လို့ မျှော်လင့်ပါတယ်။ ခွင့်ပြုမယ်လို့လည်း ပြောထားခဲ့တာဆိုတော့ ပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီလို ခွင့်ပြတာ၊ MOU မှာ ပါတဲ့ အတိုင်း ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ နေထိုင်ကြတဲ့ မွတ်ဆလင် အသိုင်း အဝိုင်းကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုဖို့၊ ကိုဖီအာနန် အကြံပေး ကော်မရှင်မှာ ပါတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ သူတို့ ဆန္ဒအလျောက် ပြန်လာနိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။

BBC Burmese
https://www.bbc.com
ရခိုင်မှာ ကုလ ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့ တောင်းဆို ရခိုင်မှာ ကုလ ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်ရဖို့ တောင်းဆို Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.