![]() |
အမေရိကန်-အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (သြဂုတ် ၃၊ ၂၀၁၈) |
အမေရိကန်က ဖြစ်စေချင်သလို မြောက်ကိုရီးယားမှာ Nuclear အစီအစဉ်တွေ လုံးဝ ကင်းရှင်းသွားတဲ့အထိ ဖြစ်ဖို့ အများကြီးလိုနေသေးတယ်လို့  အာဆီယံနဲ့ ဆက်စပ်စည်းဝေးပွဲတွေ တက်ရောက်ဖို့ စင်္ကာပူနိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး Pompeo ကပြောကြားခဲ့တာပါ။ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့စင်္ကာပူမှာ June လက သမိုင်းဝင် တွေ့ဆုံခဲ့ကြပြီး ကိုရီးယား ကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးနဲ့ပတ်သက်လို့ မတိကျတဲ့ သဘောတူကတိကို မြောက်ကိုရီးယား ခေါင်းဆောင်က လက်မှတ်ထိုးခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က Missile ဒုံးအစီအစဉ်တွေ ပြန်လုပ်နေပုံရတယ်ဆိုတဲ့ ဂြိုဟ်တုဓါတ်ပုံတွေ အစီရင်ခံစာ တွေလည်း မကြာခင်က ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ဘက်က Nuclear အစီအစဉ်ကို ပြန်လည်သုံးလို့ မရနိုင်လောက်တဲ့ အထိ အပြီးသတ် ဖြုတ်သိမ်းမှုတွေလုပ်ဖို့ တိုက်တွန်းနေတာပါ။
ဒီကနေ့ စင်္ကာပူမှာကျင်းပမယ့် ARF အာဆီယံဒေသတွင်းဆွေးနွေးပွဲကို မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho လည်း တက်ရောက်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေရဲ့ ဘေးပန်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ၂ ယောက် အလွတ်သဘော တွေ့ကြဖို့ရှိသလားဆိုတာတော့ တိတိကျကျ မသိရပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo ဘက်ကတော့ ဆွေးနွေးပွဲ တွေမှာရော အလွတ်သဘောတွေ့ဆုံမှုတွေမှာပါ မြောက်ကိုရီးယားအပေါ် ဖိအားပေးနိုင်တဲ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
မြောက်ကိုရီးယားကို ဆက်လက် ဒဏ်ခတ်ဖိအားပေးဖို့ ကန်ဝန်ကြီးတိုက်တွန်း
Reviewed by THITHTOOLWIN
on
07:45
Rating:
