အစိုးရကို အစီရင်ခံစာတွေ မလိမ်မညာဘဲ တင်ပြဖို့ သမ္မတပြော

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို စစ်ကိုင်းတိုင်း မုံရွာမြို့တော်ခန်းမမှာ ၂၀၁၈၊ သြဂုတ် ၁၈ ရက်နေ့က ကျင်းပတဲ့ တွေ့ဆုံပွဲမှာ တွေ့ရစဉ်။ Photo: Sagaing Regional lnformation Page
ဝန်ထမ်းတွေအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဖြစ်စေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက ပြည်ထောင်စုအစိုးရကိုဖြစ်စေ အစီရင်ခံစာတွေကို မလိမ်မညာဘဲ အမှန်အတိုင်းတင်ပြကြဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့တော်ခန်းမမှာ မဏ္ဍိုင် ၃ ရပ် က တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် သမ္မတက ပြောကြား လိုက်တာ ဖြစ်တယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင် က ပြောပါတယ်။

"လစဉ် အစီရင်ခံစာတင်တဲ့အခါမှာ ဥပမာ- မူးယစ်ဆေးဝါးအမှုတွေ တင်တဲ့အခါ ဖေဖော်ဝါရီတင်တဲ့စာရင်း အတိုင်း မတ်လမှာလည်း ဒီစာရင်းပဲ ရက်စွဲပဲပြောင်းပြီးတော့ ပြန်တင်တာလေ၊ ဖေဖော်ဝါရီလမှာ မူးယစ်ဆေးဝါး ဘိန်းဖြူဖမ်းမိတဲ့အမှုက ၂ မှုဆိုရင် နောက်လမှာလည်း ဒီစာရင်းအတိုင်းပဲ ပြန်တင်တာလေ၊ အဲဒါ သမ္မတ က တွေ့၊ အဲဒါသမ္မတကြီးက ဒါတွေ မလုပ်ဖို့၊ မလိမ်ဖို့ ၀န်ထမ်းတွေရော အစိုးရအဖွဲ့ကို မလိမ်ဖို့ ဒါတွေလည်း သူကပြောသွားတယ်"

ဒါ့အပြင် ၀န်ထမ်းတွေအနေနဲ့ တစ်နပ်စားဥာဏ်နဲ့ မလုပ်ကြဖို့ သမ္မတက သတိပေးသွားတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး သမ္မတ ဦးဝင်းမြင့်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားရောက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို စစ်ဆေးကြီးကြပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတဟာ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း အပါအ၀င် ရှမ်းပြည်နယ်၊ ပဲခူး နဲ့ ရန်ကုန်တိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူတွေအပါအ၀င် မဏ္ဍိုင် ၃ ရပ် နဲ့ တွေ့ဆုံခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အစိုးရကို အစီရင်ခံစာတွေ မလိမ်မညာဘဲ တင်ပြဖို့ သမ္မတပြော အစိုးရကို အစီရင်ခံစာတွေ မလိမ်မညာဘဲ တင်ပြဖို့ သမ္မတပြော Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.