လူလိုက်ပါတဲ့ အာကာသခရီး အိန္ဒိယ စမယ်

လာမယ့် ၂၀၂၂ မှာ အိန္ဒိယက စေလွှတ်မယ့် အာကာသစူးစမ်းရေးယာဉ်မှာ လူလိုက်ပါမယ်
လူလိုက်ပါမယ့် အာကာသ စူးစမ်းလေ့လာရေးခရီးကို လာမယ့် ၂၀၂၂ ကျရင် ဖော်ဆောင်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုးဒီ က ထုတ်ပြန်ကြေညာ လိုက်ပြီးနောက်မှာတော့ အခု ဒီခရီးစဉ်ကို ပြင်ဆင်ဖို့အတွက် လပေါင်း ၄၀ ပဲ အချိန်ရပါတော့တယ်။

အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ က သိပ္ပံပညာရှင်တွေကတော့ ၂၀၂၂ မှာ စေလွှတ်နိုင်ဖို့ ပြင်နေတဲ့ လူလိုက်ပါမယ့် အာကာသ စူးစမ်းလေ့လာရေးယာဉ် အတွက် အမေရိကန်ဒေါ်လာ ၁.၂၈ ဘီလျံ ကုန်ကျမယ်လို့ မျှော်မှန်းထားပါတယ်။

ဒီ အာကာသ ခရီးအတွက် GSLV Mk-III အာကာသယာဉ် ကို သုံးဖို့ မျှော်လင့်ထားပြီး ဒုံးပျံယာဉ် ဟာ ၄၃ မီတာ အရှည်ရှိပြီး အလေးချိန်ကတော့ တန် ၆၄၀ ရှိပါတယ်။

ဒီ အာကာသယာဉ်ကို ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက စတင် ဆောင်ရွက်နေတာ ဖြစ်ပြီး အနည်းငယ် မွမ်းမံမှုတွေ လုပ်ပြီးရင်တော့ အာကာသထဲ စေလွှတ်နိုင်တော့မှာပါ။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းကတော့ ဒီယာဉ်ပေါ်မှာ လူလိုက်မပါဘဲ အစမ်းလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။
တီထွင်ထားတဲ့ အာကာသ ဝတ်စုံ
အခုတော့ အာကာသယာဉ်မှူးတွေ ဝတ်ဖို့ 1,000C အထက် လောင်ကျွမ်းတဲ့အထိ အပူဒဏ်ခံနိုင်တဲ့ အာကာသဝတ်စုံ ကိုလည်း တီထွင်ပြီး ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေကတော့ ဒီဝတ်စုံနဲ့ နေသားတကျ ဖြစ်ဖို့နဲ့ အာကာသထဲ အသက်ရှင်ဖို့ ပြုမှုနေထိုင်ရမယ့် နည်းလမ်းတွေကို လေ့ကျင့်နေရတုန်း ဖြစ်ပါတယ်။

အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ဥက္ကဌ ကေစီဗန်က ကတော့ 'လူလိုက်ပါမယ့် အာကာသယာဉ် စေလွှတ်ရေးဟာ တိုင်းပြည်ဂုဏ် ကို မြှင့်တင်ပေးမယ့် လုပ်ဆောင်မှုပါ၊ ပြီးတော့လည်း လူငယ်တွေကို သိပ္ပံဘာသာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ လှုံဆော်ပေးနိုင်တယ်' လို့ ပြောပါတယ်။
၂၀၁၇ တုန်းက အာကာသထဲ စေလွှတ်ခဲ့တဲ့ ဒုံးပျံယာဉ်
အိန္ဒိယဟာ ၂၀၁၄ တုန်းက အမေရိကန်ဒေါ်လာ ၆၇ သန်း အကုန်ကျခံပြီး မားစ်ဂြိုဟ် ပတ်လမ်းနားကို ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကလည်း ဂြိုဟ်တု ၁၀၄ စင်း ပါတဲ့ ဒုံးပျံယာဉ်ကို အာကာသထဲ လွှတ်တင်ခဲ့ပြီး ဒါဟာ ၂၀၁၄ တုန်းက ဂြိုဟ်တု ၃၄ စင်းပါတဲ့ ရုရှား ဒုံးပျံယာဉ် စေလွှတ်ခဲ့တာထက် ပိုများခဲ့တာကြောင့် အဲ့ဒီတုန်းက အိန္ဒိယရဲ့ ဒုံးပျံယာဉ် လွှတ်တင်မှုဟာ သမိုင်း မှတ်တမ်းဝင် ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
လူလိုက်ပါတဲ့ အာကာသခရီး အိန္ဒိယ စမယ် လူလိုက်ပါတဲ့ အာကာသခရီး အိန္ဒိယ စမယ် Reviewed by THITHTOOLWIN on 12:31 Rating: 5
Powered by Blogger.