ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဂျပန်ဝန်ကြီး အကြံပေး


 ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနို က ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ မြန်မြန်ဆန်ဆန် နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို အချက် ၅ ချက် အကြံပေးခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကနေ ခရီးဆက်ခဲ့တဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုးနိုက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ် အလီနဲ့ ဒါကာမြို့မှာ အင်္ဂါနေ့ မနေ့က တွေ့ဆုံစဉ် သူ့နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးခဲ့ပုံကို အခုလို ပြန်ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ဝန်ကြီးရဲ့ အကြံပေးချက်တွေကတော့ မြန်မာအစိုးရ ဇူလိုင် ၃ဝ ရက်နေ့က နောက်ဆုံးဖွဲ့လိုက်တဲ့ ရခိုင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေးကော်မရှင်အနေနဲ့ ပွင့်လင်းမြင်သာရှိပြီး ယုံကြည်လောက်တဲ့ အချက်အလက်တွေ ရရှိနိုင်ရေးအတွက် မြန်မာအစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးရန်၊ မြန်မာနဲ့ ကုလလက်အောက်ခံအဖွဲ့ ၂ ခုရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာမှာ ပါဝင်တဲ့အတိုင်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် မြန်မာအစိုးရက ကုလအဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိ ရခိုင်ပြည်နယ်မှာ နှစ်လရှည်ကြာ နေရပ်စွန့်ခွာနေထိုင်ရသူတွေရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို အမြန်ဆုံးပိတ်ပစ်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လာရောက်လိုတဲ့ ယုံကြည်မှုတွေ မြင့်မားလာအောင် လုပ်ဆောင်ရန်၊ ဘင်္ဂလားဒေ့ရှ်က နေရပ်ပြန်လာမယ့်သူတွေအတွက် အိုးအိမ်တွေ အပါအဝင် လိုအပ်ချက်တွေကို အလျှင်အမြန် ဆောင်ရွက်ပေးခြင်းဖြင့် သက်သေပြရန် နဲ့ နောက်ဆုံးအချက်အဖြစ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်းတွေကို မြန်မာအာဏာပိုင်တွေ ကိုယ်တိုင် ပုံမှန်သွားရောက်ပြီး သူတို့ နေရပ်ပြန်ရေးအတွက် တိုးတက်မှုတွေကို ရှင်းလင်းပြောဆိုရန်တို့ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနို နဲ့ နေပြည်တော်မှာ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံစဉ် ကုလသမဂ္ဂ အတွင်းရေမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်က အကြံပြုခဲ့တဲ့ အချက် ၈၈ ချက်ရှိတဲ့အနက် ၈၁ ချက်ကို လက်ရှိမှာ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့အချက်တွေကိုတော့ ရေရှည်လုပ်ဆောင်ဖို့လိုတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဂျပန်ဝန်ကြီး အကြံပေး ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဂျပန်ဝန်ကြီး အကြံပေး Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.