ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ်

 မြောက်ကိုရီးယား ဆွေမျိုးတွေကို ပြသမယ့် မင်္ဂလာပွဲ ဓာတ်ပုံ
၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ကာလကတည်းက ကွဲကွာခဲ့ကြတဲ့ တောင် နဲ့ မြောက် ကိုရီးယားက မိသားစုဝင်တွေဟာ သူတို့ဆွေမျိုးတွေကို တွေ့ရဖို့ မြောက်ကိုရီးယား နယ်စပ်နားကို စုရုံးရောက်နေကြပါတယ်။

မြောက်ကိုရီးယားဖက်က ဆွေမျိုးတွေကတော့ နိုင်ငံကနေ ထွက်ခွာခွင့် မပေးတာကြောင့် တောင်ကိုရီးယားဖက်အခြမ်းက ဆွေမျိုးတွေက မြောက်ကိုရီးယားကို သွားရောက်တွေ့ဆုံရမှာပါ။

နှစ်ပေါင်း ၆၀ ကျော်ကြာ ကွဲကွာနေကြတဲ့ မိသားစုတွေဟာ အသက်အရွယ်ကြီးရင့်နေကြပြီ ဖြစ်ပြီး အများစုက အသက် ၈၀ ကျော် အဘိုးအို အဘွားအိုတွေပါ။ အသက်အကြီးဆုံး အဘွားအိုက အသက် ၁၀၁ နှစ် တောင် ရှိနေပါပြီ။

တွေ့ဆုံမယ့် နေရာကတော့ မြောက်ကိုရီးယားနိုင်ငံထဲက ဂင်ဂမ်ဆန် အပန်းဖြေစခန်းမှာပါ။ တနေ့ကို နာရီအနည်းငယ်နဲ့ ၃ ရက်ကြာတွေ့ဆုံမှုအတွက် စုစုပေါင်း ၁၁ နာရီ စကားပြောခွင့် ရကြမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံသားတွေကတော့ ဒီလို တွေ့ဆုံခွင့်ရဖို့ မဲနှိုက် ခဲ့ရပါတယ်။
မိသားစုဝင်တွေ တွေ့ဖို့ စုရုံးရောက်နေကြ
အသက် ၉၂ နှစ်အရွယ် တောင်ကိုရီးယားအဖွားအိုက 'ကျမ သားကို တွေ့ဖို့ သွားတာ၊ သူ ၄ နှစ်သားအရွယ်ကတည်းက ကျမနဲ့ ကွဲသွားတာလေ၊ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ တခါမှ ထင်မထားခဲ့ဘူး၊ ကျမ သားလေး ခုထိ အသက်ရှင်နေသေးရဲ့လားတောင် မသိပါဘူးရှင်၊ ' လို့ ပြောပါတယ်။

တောင် နဲ့ မြောက် ကိုရီးယား စစ်ပွဲအတွင်း မိသားစုဝင်တွေ သန်းနဲ့ ချီပြီးတော့ ကွဲကွာခဲ့တာ ဖြစ်ပါတယ်။

ဆွေမျိုးတွေ ပြန်တွေ့ဖို့ ၂ ဖက် အစိုးရတွေဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်း တွေ့ဆုံပွဲ ၂၀ ထက်မနည်း စီစဉ်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့်တော့ မတွေ့နိုင်ကြသေးတဲ့ မိသားစုဝင်တွေလည်း ရှိနေပါသေးတယ်။

အခုကတော့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တောင် နဲ့ မြောက် အစိုးရတွေအကြား တင်းမာမှုတွေဖြစ်ပြီး ပထမဆုံး အကြိမ်ပါ။

အသက်အရွယ်ကြီးရင့်နေကြပြီ ဖြစ်တဲ့ အဘိုးအို အဘွားအို တွေနဲ့ သူတို့မိသားစုဝင်တွေ ၈၃ ဦးပဲ တွေ့ဆုံခွင့်ရဖို့ ကိုပဲ ၂ ဖက် အစိုးရက စီစဉ်ပေးထားပါတယ်။

အခုလို မိသားစုဝင်တွေ တွေ့ဆုံဖို့ကို ပြီးခဲ့တဲ့ ဧပြီလအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း တို့ တွေ့ဆုံမှုအပြီး သဘောတူထားခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာ ခဲ့သူတွေ ပြန်ဆုံကြမယ် Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.