သိမ်းဆည်းခံမြေတွေအတွက် လျော်ကြေးနဲ့ အစားထိုးမြေပေးဖို့ စီစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကုန်းတန်းကြိမ်း​ချောင်းကျေးရွာအုပ်​စုက လယ်မြေတွေကို တွေ့ရစဉ်။ Photo: Myo Naing
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်နဲ့ အစိုးရဌာနဆိုင်ရာတွေက တောင်သူတွေထံကနေ သိမ်းယူ ထားတဲ့ မြေတွေအားလုံးအတွက် လျော်ကြေးငွေနဲ့ အစားထိုးမြေတွေပေးအပ်ဖို့ အစိုးရက စာရင်းကောက်ယူနေ ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေတာလို့ ပုဏ္ဏားကျွန်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဆွေ က ဒီနေ့ပြောပါတယ်။

"သိမ်းဆည်းခံတဲ့ တောင်သူက လျော်ကြေးလိုချင်တာ၊ နောက်ပြီးရင် မြေလိုချင်တာဆိုပြီးတော့ ကျနော်တို့ အဆိုပြုပြီး တိုင်းနေကြပါတယ်၊ တပ်က သိမ်းထားတဲ့မြေရော၊ ဌာနဆိုင်ရာက သိမ်းထားတဲ့မြေရော အကုန်လုံးကိုက ဒါတွေကိုဖော်ပြီးတော့ တိုင်းနေကြတယ်၊ နောက်ပြီးရင် မြို့ပေါ်မှာဆိုရင် ဌာနဆိုင်ရာ အဆောက်အဦးဆောက်ထားတယ်ပေါ့၊ ဆေးရုံတို့ ဆောက်ထားတဲ့ မြေနေရာတွေကို တောင်သူတွေခေါ်ပြီးတော့ မြေလိုချင်လား၊ လျော်ကြေးလိုချင်လားဆိုပြီးတော့ ကျနော်တို့ စိစစ်နေပါတယ်အခု"

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လာမယ့် သြဂုတ်လ ၉ ရက်နေ့အထိ တောင်သူတွေရဲ့သဘောထားနဲ့ စာရင်းအချက် အလက်တွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ကောက်ယူနေတာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာတော့ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြမှာဖြစ်တယ်လို့ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်နဲ့ အစိုးရဌာနတွေကသိမ်းယူထားတဲ့ မြေဧက နှစ်ထောင်ကျော်ရှိပြီး အဲဒီမြေတွေပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်ထားတာတွေရှိနေသလို တချို့မြေတွေကိုတော့ စပါးစိုက်ခင်းတွေနဲ့ ရေငန်ပုစွန်မွေးမြူရေးတွေအတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သိမ်းယူခံထားရတဲ့မြေတွေနဲ့ ပတ်သက်ပြီး တောင်သူတွေကို ခေါ်ယူကာ သဘောထားမေးမြန်းသလို တချို့နေရာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးဌာနနဲ့ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနတို့က ကွင်းဆင်းစီစစ်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
သိမ်းဆည်းခံမြေတွေအတွက် လျော်ကြေးနဲ့ အစားထိုးမြေပေးဖို့ စီစဉ် သိမ်းဆည်းခံမြေတွေအတွက် လျော်ကြေးနဲ့ အစားထိုးမြေပေးဖို့ စီစဉ် Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.