ဦးကိုနီအမှုရဲ့ အရေးအကြီးဆုံး ကွင်းဆက်ကို ပြနိုင်ခဲ့လို့ဆို

 အောင်ဝင်းခိုင်က အောင်ဝင်းဇော်ကို ခိုင်းစေ၊ သူကတဆင့် ကြည်လင်းကို လူသတ်မှု ကျူးလွန်ဖို့ ခိုင်းစေခဲ့တယ်ဆိုတာ ထင်ရှားလာ
NLD ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရမှုမှာ အမှုတခုလုံးရဲ့ အသက်လို့ ပြောနိုင်မယ့် အောင်ဝင်းဇော်က ကြည်လင်းကို သတ်ဖို့ စေခိုင်းခဲ့တယ် ဆိုတဲ့ ကွင်းဆက်ကို သြဂုတ်လ ၂ ရက်နေ့ ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန် တရားရုံး စစ်ဆေးမှုအတွင်း ဖော်ထုတ်ပြနိုင်ခဲ့တယ်လို့ တရားလို ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

အဲဒီ စစ်ဆေးမှု အတွင်းမှာ ရှေ့နေ ဦးနေလက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရှိတဲ့ CCTV မှတ်တမ်းတွေကို တကွက်ချင်း ပြန်ကြည့်ပြီး အောင်ဝင်းဇော်ကို ရှေ့နေချုပ် ခွင့်ပြုချက်နဲ့ ၇ နာရီလောက် အထိ ကြာအောင် စစ်မေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စစ်မေးချက်နဲ့ မှတ်တမ်းတွေအရ အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ဟာ အခင်းဖြစ်ပွားတဲ့နေ့ နေ့လယ် ၂ နာရီလောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ Terminal 1 ဝင်ပေါက် အမှတ် ၄ ကနေ ရှေ့ဆင့် နောက်ဆင့် ဝင်ရောက်လာပြီး ထွက်ပေါက်မှာရှိတဲ့ ဆိုက်ရောက် လေယာဉ် ကြေညာနေတဲ့ ဘုတ်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

 အောင်ဝင်းဇော်ကို ရှေ့နေချုပ် ခွင့်ပြုချက်နဲ့ ၇ နာရီလောက် အထိ ကြာအောင် စစ်မေးခဲ့
ဦးကိုနီကတော့ အဲဒီနေ့ ညနေ ၄:၄၅ မှာ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ကို ရောက်ရှိပြီး ၄:၅၅ မှာ အပြင်ရောက်လာတယ်လို့ ဆိုပါတယ်။

အခုလို ဦးကိုနီ ရောက်လာတဲ့ အချိန်မှာ အောင်ဝင်းဇော်က ထွက်ပေါက်မှာ စောင့်ကြည့်နေပြီး ကြည်လင်းကို ဖုန်းနဲ့ သတင်းပို့တာကိုပါ CCTV မှတ်တမ်းတွေမှာ တွေ့ရတဲ့အတွက် သူဟာ ဦးကိုနီကို သတ်ဖို့အတွက် ကာယကံမြောက် အနီးကပ် စစ်ဆေး ကြည့်ရှု ညွှန်ကြားခဲ့ကြောင်း ဘယ်လိုမှ ငြင်းလို့ မရပဲ ပေါ်လွင်ခဲ့တယ်လို့ ဦးနေလက ပြောပါတယ်။

ဒီလို ပေါ်လွင်ခဲ့တဲ့အတွက် အမှုတခုလုံးရဲ့ အသက်လည်း ပေါ်လွင်ခဲ့တာ ဖြစ်ပြီး အောင်ဝင်းခိုင်က အောင်ဝင်းဇော်ကို ခိုင်းစေ၊ သူကတဆင့် ကြည်လင်းကို လူသတ်မှု ကျူးလွန်ဖို့ ခိုင်းစေခဲ့တယ်ဆိုတာ ထင်ရှားလာတယ်လို့လည်း ဦးနေလက ပြောပါတယ်။

 ဦးကိုနီ ရောက်လာတဲ့ အချိန်မှာ အောင်ဝင်းဇော်က ထွက်ပေါက်မှာ စောင့်ကြည့်နေပြီး ကြည်လင်းကို ဖုန်းနဲ့ သတင်းပို့တာကိုပါ CCTV မှတ်တမ်းတွေမှာ တွေ့ရ
ကြည်လင်းဟာ သူ့ကို ခိုင်းစေတဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်တို့အတွက် သက်သေအဖြစ် ထွက်ဆိုမပေးနိုင်ဘူးလို့လည်း ပြောဆိုခဲ့ပြီး ဒါဟာ အမှုအတွက် တဦးတယောက်တည်းကပဲ ခံတော့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးကိုနီဟာ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လုပ်ကြံ ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုအတွက် လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာလည်း အောင်ဝင်းဇော်ကို ထပ်မံ ရုံးတင် စစ်ဆေးဦးမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဦးကိုနီအမှုရဲ့ အရေးအကြီးဆုံး ကွင်းဆက်ကို ပြနိုင်ခဲ့လို့ဆို ဦးကိုနီအမှုရဲ့ အရေးအကြီးဆုံး ကွင်းဆက်ကို ပြနိုင်ခဲ့လို့ဆို Reviewed by THITHTOOLWIN on 09:38 Rating: 5
Powered by Blogger.