လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးမှု အစိုးရဖြေရှင်းဖို့ တက္ကသိုလ် ကျောင်းသားများ တောင်းဆို

 တောင်းဆိုချက်နဲ့ လက်မှတ်တွေကို လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လှုမှုရေး ဝန်ကြီးဌာနတွေကို ပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အများပြည်သူ သွားလာနေတဲ့ နေရာတွေမှာ လျှပ်စစ် အန္တရာယ် ကြောင့် လူသေဆုံးမှုတွေ ဖြစ်နေတာကို တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးဖို့ တက္ကသိုလ်ကျောင်း ၁၃ ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေက အစိုးရကို တောင်းဆို လိုက်ပါတယ်။

မကြာသေးခင်က ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတဦး ဓာတ်လိုက် သေဆုံးခဲ့တဲ့ အပေါ် အစိုးရက တာဝန်ယူ၊ တာဝန်ခံမှုတွေ ရှိဖို့နဲ့ နောက်တခါ ဒီလိုအဖြစ်မျိုးတွေ မဖြစ်စေဖို့ လှုပ်ရှားမှုကို လုပ်ရတာလို့ ဆေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုသီဟကျော်စွာက ဘီဘီစီကို ပြောပါတယ်။

No Electric Shock Signatureလို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုကို ဆေး တက္ကသိုလ် ၂ က စတင်ခဲ့ပြီးနောက် တခြား တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး ကျောင်းသားတွေဆီကနေ လက်မှတ်တွေ ကောက်ခံပါတယ်။

    လျှပ်စစ်ကြိုး ပြတ်ကျလို့ ၃ဦး သေဆုံး

ဒီနောက် တောင်းဆိုချက် ၄ ချက်ကို ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့ တွဲပြီး အစိုးရတာဝန်ရှိသူတွေထံကို သြဂုတ် ၇ ရက်နေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားတွေတောင်းဆိုချက်တွေက တရားမျှတမှုရရှိဖို့၊ ထိရောက်တဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိဖို့၊ နောင်ဒီလို အဖြစ်မျိုး မဖြစ်အောင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး လုံခြုံရေး အာမခံချက်ရှိဖို့နဲ့ လုပ်ဆောင်နေ တာတွေကို ပြည်သူလူထုဆီ ပွင့်လင်းမြင်သာစွာ ပြောပြပေးဖို့တို့ ဖြစ်ပါတယ်။

တောင်းဆိုချက်နဲ့ လက်မှတ်တွေကို လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ လှုမှုရေး ဝန်ကြီးဌာနတွေကို ပေးပို့ခဲ့ပါတယ်။

ဒီလိုပေးပို့ခဲ့တာကိုလည်း ၁၅ ရက်အတွင်း အကြောင်း ပြန်ပေးဖို့လည်း ကျောင်းသား တွေက တောင်းဆို ထားပါတယ်။

၁၅ ရက်အတွင်း အကြောင်းပြန်လာရင် အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်သလို အကြောင်း မပြန်ရင်လည်း ထိရောက်တဲ့ နောက်ထပ် လှုပ်ရှားမှုတခု လုပ်ဆောင်သွားမယ်လို့ ကိုသီဟကျော်စွာက ပြောပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့မှာ မိုးရွာလို့ ရေကြီး ရေလျှံရာက ဓာတ်တိုင်တွေကနေ တဆင့် ရေထဲ လျှပ်စစ်စီးပြီး ဓာတ်လိုက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကျောင်းသားတွေ သေဆုံးခဲ့ပါတယ်။

ဒါ့ကြောင့် မိုးရွာလို့ ရေကြီးရေလျှံဖြစ်လာရင် ရေထဲကို မသွားရဲသလို နောင်တချိန်မှာ ကိုယ့်ရဲ့အလှည့်များ ဖြစ်နေမလားဆိုပြီး စိုးရိမ် ပူပန်မှုတွေ ကျောင်းသားတွေ အကြားမှာ ရှိနေတယ်လို့လည်း ကိုသီဟကျော်စွာက ပြောပါတယ်။

BBC Burmese
https://www.bbc.com
လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးမှု အစိုးရဖြေရှင်းဖို့ တက္ကသိုလ် ကျောင်းသားများ တောင်းဆို လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးမှု အစိုးရဖြေရှင်းဖို့ တက္ကသိုလ် ကျောင်းသားများ တောင်းဆို Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.